ကိုရိုနာဗိုင်းရပ်စ်အရေးသည် မီဒီယာလှည့်စားမှုတစ်ခုဖြစ်ကြောင်း ဘရာဇီးသမ္မတ ဘိုဆိုနာရို ပြော

ကိုရိုနာဗိုင်းရပ်စ်အရေးသည် မီဒီယာလှည့်စားမှုတစ်ခုဖြစ်ကြောင်း ဘရာဇီးသမ္မတ ဘိုဆိုနာရို ပြော

မတ် ၂၄။              ။ ဘရာဇီးလက်ယာစွန်းသမ္မတ ဂျိုင်ယာဘိုဆိုနာရိုက နိုင်ငံရေးပြိုင်ဘက်များနှင့် သတင်းဌာနများသည် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်အကြောင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြည်သူများအား လှည့်စားပြောဆိုနေ ခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုလိုက်သည်။

COVID-19 ကြောင့် တစ်ကမ္ဘာလုံးတွင် လူပေါင်း ၁၆ ၀၀၀ ကျော်သေဆုံးခဲ့ပြီဖြစ်ကာ လက်တင်အမေရိကနိုင်ငံများတွင် နယ်စပ်နိုင်ငံများနှင့် အဝင်အထွက်တားမြစ်ခြင်း၊ အဓိကမြို့ကြီးများ၌ အသွားအလာကန့်သတ်ခြင်းများ လုပ်ဆောင်ခဲ့ကြသည်။

သို့သော် သမ္မတ ဘိုဆိုနာရိုက မီဒီယာများသည် ကိုရိုနာဗိုင်းရပ်ကပ်ရောဂါအပေါ် စိတ်ချောက်ချားနေခြင်းဖြစ်ပြီး ထိုရောဂါသည် တုပ်ကွေးသာသာမျှသာဖြစ်ကြောင်းပြောဆိုလျက် အရေးပေါ်အစီအမံများကို လုပ်ဆောင်ရန် ငြင်းဆန်ခဲ့သည်။

ရီယိုဒီဂျနေးရိုးနှင့် ဆောပိုလိုမြို့တို့တွင် အာဏာပိုင်များက အပြင်မထွက်ရအမိန့်ထုတ်ပြန်ထားပြီး စောင့်ကြည့်စစ်ဆေးမှုများလုပ်ဆောင်နေကြသည်။ ဘိုဆိုနာရိုသည်  တနင်္ဂနွေညကထုတ်လွှင့်ခဲ့သည့် ရုပ်မြင်သံကြား အင်တာ ဗျူးတစ်ခု၌ ထိုသို့လုပ်ဆောင်နေသည့် အဓိကပြည်နယ်ကြီးများမှ အုပ်ချုပ်ရေးမှူးများကို ပုတ်ခတ်ပြောဆိုခဲ့ပြီး ကပ်ရောဂါကို ပေါ့ပေါ့တန်တန် သဘောထားခဲ့သည် ။

ဘရာဇီးတွင် COVID-19 ကြောင့် သေဆုံးသူ ၃၄ ဦးရှိပြီး ကူးစက်ခံရသူ ၁၉၂၄ ဦးရှိကြောင်း ယင်းနိုင်ငံ၏ ကျန်းမာရေးတာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

သို့သော်လည်း ဘိုဆိုနာရိုက “ ပြည်သူတွေဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ မီဒီယာရဲ့ လှည့်စားတာကိုခံနေရတယ်ဆိုတာ မကြာခင် သိလာတော့မှာပါ” ဟု ပြောခဲ့သည်။

ထို့ကြောင့် ပြည်သူများသည် ဒန်အိုးဒန်ခွက်များတီးခေါက်ကာ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။ ဘိုဆိုနာရိုက အဆိုပါလုပ်ရပ်သည် နိုင်ငံ့ခေါင်းဆောင်အပေါ် မျက်နှောင်ပြောင်တိုက်လွန်းပြီး အဓိပ္ပါယ်မရှိသော လှုပ်ရှားမှုသာဖြစ်ကြောင်း၊ မိမိကို ပထုတ်ချင်နေခြင်းသာဖြစ်ကြောင်း ပြစ်တင်ပြောဆိုခဲ့သည်။

ဘိုဆိုနာရို၏ အပြုအမူလုပ်ဆောင်ချက်များနှင့်စပ်လျဉ်း၍ Brazilian pollster Ibope က ကောက်ယူခဲ့သော စစ်တမ်းအရ ဆောပိုလိုမြို့သား (၄၈) ရာခိုင်နှုန်းက သမ္မတ၏အုပ်ချုပ်ပုံနည်းစနစ်မှာ ညံ့ဖျင်းဆိုးရွားကြောင်း ဆန္ဒမဲပေးခဲ့ကြပြီး  Datafolha Group ၏ စစ်တမ်းအရ ဘရာဇီးလူကုံထံ (၅၁) ရာခိုင်နှုန်းနှင့် ပညာတတ်လူတန်းစား (၄၆) ရာခိုင်နှုန်းက ဘိုဆိုနာရို၏ ကိုရိုနာဗိုင်းရပ်စ်အရေး ကိုင်တွယ်ပုံအပေါ် သဘောမကျကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

သို့သော် ကွန်ဆာဗေးတစ် Estado de São Paulo သတင်းဌာနမှ နိုင်ငံရေးရာဆွေးနွေးပြောဆိုသူ Eliane Cantanhêde က “ဘိုဆိုနာရိုကို ‌ထောက်ခံသူတွေကတော့ သူမှသူပါပဲ၊ ကျွန်မ မိတ်ဆွေထဲမှာ သူပြောသမျှ ယုံကြည်တဲ့ ရှေ့နေတွေ၊ သံအမတ်တွေနဲ့ ဘွဲ့ရပညာတတ်တွေ ရှိပါတယ်” ဟု ဆိုသည်။

ဘိုဆိုနာရိုသည် ကိုရိုနာဗိုင်းရပ်စ်အရေး ကိုင်တွယ်ပုံနှင့်ပတ်သက်၍ ၂၀၂၂ ရွေးကောက်ပွဲတွင် အထိနာနိုင်ကြောင်း၊ ရွေးကောက်ပွဲကို ယနေ့အချိန်၌ ကျင်းပမည်ဆိုပါက ဘိုဆိုနာရိုကို အနိုင်ပိုင်းနိုင်မည့် အခွင့်အရေးကြီး တစ်ခုဖြစ်ကြောင်း၊ အရေးပါသော အဆုံးအဖြတ်ကာလ ဖြစ်ကြောင်း Cantanhêde က ‌ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly