ဖိုးသော်ပြောပြသည့် COVID-19 အကြောင်း ဆင်ခြင်စရာများ

ကမ္ဘာတစ်လွှား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလျက်ရှိတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဟာ နိုင်ငံပေါင်းများစွာ အထိ ကျယ်ပြန့်စွာ ဖြစ်ပေါ်လျက်ရှိပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကျပ်အတည်းတစ်ခု ဖြစ်လာခဲ့ပြီး ရောဂါပိုးကို ကာကွယ်နိုင်ရေးနဲ့ ကြိုတင်ကုသနိုင်ရေးက နိုင်ငံတိုင်းအတွက် အလေးထားစရာ ဦးစားပေးလုပ်ရပ် ဖြစ်လာပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့လို အသက်ရှူလမ်းကြောင်းကတစ်ဆင့် တိုက်ရိုက် ကူးစက်နိုင်သလို အရာဝတ္ထုတွေမှာ ထိကပ်နေတဲ့ ရောဂါပိုးတွေကို လက်နဲ့ထိတွေ့ကိုင်တွယ်မိရင်လည်း ကူးစက်ခံရနိုင်ပါတယ်။ COVID-19 ဟာ ကမ္ဘာကြီးရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေကို ထိခိုက်စေသလို အားကစားလှုပ်ရှားမှုတွေလည်း ပျက်ယွင်းစေခဲ့ပါ တယ်။

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ဆိုရင်လည်း အဆိုပါ ဗိုင်းရပ်စ်ကြောင့် အခြား သော အားကစားအဖွဲ့အစည်းတွေနည်းတူ ပြိုင်ပွဲရွှေ့ဆိုင်းတာတွေ၊ ဖျက်သိမ်းရတာ တွေ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်လျက် ရှိတဲ့ “ဘူရှီးဒိုး” ဖိုးသော် ဆိုရင်လည်း ကျန်းမာရေးနဲ့ညီညွတ်အောင် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး COVID-19 နဲ့ပတ်သက်လို့ ဆောင်ရန် ရှောင်ရန်တွေကို ပြောပြခဲ့ ပါတယ်။

၁။ ကိုယ်ခံအားတက်အောင် အားကစားလုပ်ပါ

ဖွံ့ဖြိုးပြီးနိုင်ငံတွေကိုတောင် တိုက်ခိုက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကို တိုက်ခိုက်နိုင်ဖို့အတွက် လူသားတွေအနေနဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တဲ့ အားကစားလေ့ကျင့်မှုတွေကို လုပ်ဆောင်ဖို့ လိုအပ် ပါတယ်။ အားကစားတစ်ခုကို ပုံမှန်လေ့ကျင့်ဆည်းပူးနေသူနဲ့ မလေ့လာသူတွေကြား ရောဂါပိုးကာကွယ်နိုင်မှုတွေက ခြားနားပါတယ်။ အားကစားနည်းတစ်ခုကို လေ့လာလိုက်စားသူတွေအတွက် သွေးလေလှည့် ပတ်လှုပ်ရှား မှုက အဆုတ်၊ နှလုံးတို့အတွက် ကောင်းမွန်စေပြီး မလေ့လာ၊ လှုပ်ရှားမှုမရှိသူတွေအတွက်ကတော့ အ နုတ်သဘောကိုသာ ဆောင်စေမှာ သေချာပါတယ်။ ဒါကြောင့် မိမိအိမ်မှာပဲ ဖြစ်ဖြစ် သွေးပူလေ့ကျင့်ခန်းနဲ့ ကိုယ်လက် လှူပ်ရှားမှူ တစ်ခုခုကို နေ့စဉ် ပြုလုပ်ပေးပါ။

၂။ လက်ကို ပုံမှန်ဆေးကြောပါ

COVID-19 ကူးစက်မှုမရှိသေးတဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ ကျန်းမာရေးအနေအထားနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက လက် ကို စနစ်တကျဆေးကြောဖို့ တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 ကို ကာကွယ်နိုင်ဖို့ လက်ကို ဆပ်ပြာနဲ့ မကြာခဏဆေးကြောဖို့ တိုက်တွန်းထားပေမယ့် ONE Championship မှာ ၈ ပွဲနိုင်၊ ၂ ပွဲရှုံးရလဒ် ရယူထားတဲ့ Team PT အသင်းသား ဖိုးသော်က လက်ကို ရေ၊ ဆပ်ပြာတို့နဲ့ဆေးတာထက် Alcohol base ပါတဲ့ ဆေးရည်နဲ့ လက်ဖျံအထိ ဆေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“Hand Sanitizer တွေ ဆောင်ထားပြီး သင်တန်းမှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် ရေနဲ့ဆေးတာထက်စာရင် Alcohol base ပါတဲ့ ဆေးရည်နဲ့ လက်ဖျံအထိ ဆေးဖို့လိုတယ်။ လေ့ကျင့်နေရင်းပဲဖြစ်ဖြစ်၊ လေ့ကျင့်ပြီးတဲ့ အချိန်ပဲဖြစ်ဖြစ် အမြဲတမ်းလိုလို ဆေးဖြစ်တယ်။ ရေ၊ ဆပ်ပြာတို့နဲ့ ဆေးတာထက်စာရင် Hand Sanitizer နဲ့ ဆေးဖြစ်တယ်။” ဟု ဖိုးသော်က ပြောကြားလိုက်ပါတယ်။

၃။ လူစုလူဝေးကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက COVID-19 ဖြစ်ပွားခြင်းမှ လွတ်ကင်းနိုင်ရေးအတွက် လူစုလူဝေးနေရာတွေကို တတ်နိုင်သမျှ ရှောင် ကြဉ်နိုင်ဖို့ တိုက်တွန်းထားပြီး အဆိုပါအချက်ကို ဖိုးသော်ကလည်း လိုက်နာရမယ်လို့ ယုံကြည်ပါတယ်။

“လူစုလူဝေးရှိတဲ့နေရာကို အတတ် နိုင်ဆုံး မသွားဖြစ်အောင် ရှောင်ပါတယ်။ မဖြစ်မနေဆိုလို့ရှိရင်တောင် ၂ ပေ၊ ၃ ပေလောက်အထိ ခွာပြီးနေတယ်၊ ဆက်ဆံတယ်။ မဖြစ်မနေ ထိတွေ့မိပြီဆိုရင်လည်း Alcohol base ပါတဲ့ လက်ဆေးရည်နဲ့ ဆေးဖြစ်တယ်။”  

၄။ ဖျားနာတဲ့လူနာများနဲ့ မထိတွေ့အောင်နေပါ

ဖျားနာတဲ့ လူတွေနဲ့ မထိတွေ့အောင် အတတ်နိုင်ဆုံးနေရမယ်လို့ ဖိုးသော်က ပြောပါတယ်။ ဖျားနာတဲ့ လူနာတွေဟာ သာမန်လူတွေထက် ရောဂါပိုးကို အလွယ်တူ သယ်ဆောင်နိုင်တာကြောင့် ကျွမ်းကျင်တဲ့ ဆရာဝန်တွေရဲ့ အကြံပေးမှုအတိုင်း လူနာတွေနဲ့ ထိတွေ့မှုမရှိအောင် အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါတယ်။

၅။ ကျန်းမာရေးဌာနရဲ့ သတိပေးချက်များကို လိုက်နာပါ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ မြန်မာနိုင်ငံ ကျန်းမာရေးဌာနကထုတ်ပြန်တဲ့ သတင်းတွေ၊ စည်းကမ်းတွေကို လိုက်နာဖို့လိုတယ်လို့ ဖိုးသော် က ပြောပါတယ်။ အဲဒီအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်၊ ကြေညာချက်တွေကို အတတ်နိုင်ဆုံး လိုက်နာမယ်ဆိုရင် COVID-19 ကို အထိ ရောက်ဆုံး ခုခံနိုင်မယ်လို့ ယုံကြည်ပါတယ်လို့လည်း ၎င်းက ဆိုပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly