ထိုင်း၌ ကိုရိုနာကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူများအား ငွေကြေးထောက်ပံ့ပေးကမ်းရန် စီစဉ်နေ

ထိုင်း၌ ကိုရိုနာကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူများအား ငွေကြေးထောက်ပံ့ပေးကမ်းရန် စီစဉ်နေ

မတ်လ ၂၄။                   ။ COVID-19 ကူးစက်ပျံ့နှံ့မှုကို တားဆီးသည့် လုပ်ငန်းစဉ်များ တစ်စိတ်တစ်ပိုင်းအဖြစ် ဘန်ကောက်နှင့် အခြားသော ပြည်နယ်များတွင် လုပ်ငန်းကိုင်ငန်းများ ပိတ်ရခြင်းကြောင့် အလုပ်လက်မဲ့ဖြစ် သွားသူများအား ငွေကြေးပေးကမ်းထောက်ပံ့သွားရန် ဘဏ္ဍာရေးဝန်ကြီးဌာနက စီစဉ်လျက် ရှိသည်။

အစိုးရ၏ အမိန့်ကြောင့် ပိတ်ထားခဲ့ရသည့် လုပ်ငန်းကိုင်ငန်းများကြောင့် ထိခိုက်သက်ရောက်မှု ကြုံရသူများအား ကူညီရန်အတွက် ယခု ငွေကြေးထောက်ပံ့မည့် အစီအစဉ်အား မတ် ၂၄ ရက် ကက်ဘိနက်အစည်းအဝေးတွင် အဆိုတင်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပရာဆွန်ပွန်တာနက်က ပြောသည်။

“လူမှုရေးအာမခံ ရှိထားသူတွေကိုတော့ လူမှုရေးအာမခံရုံးကနေ တာဝန်ယူသွားမှာပါ။ ဒီလို အာမခံ မရှိသူတွေအတွက်တော့ ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ယူမှာ ဖြစ်ပါတယ်။ COVID-19 ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်တွေကြောင့် ထိခိုက်ခဲ့သူတွေကို ငွေကြေးထောက်ပံ့ပေးကမ်းသွားဖို့ ဘတ်ငွေ ၂၀ ဘီလီယံနီးပါးကို ၂၀၂၀ ဘဏ္ဍာနှစ်မှ အရေးပေါ်ဘတ်ဂျက်အဖြစ် ထုတ်ယူသုံးစွဲသွားဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်။”ဟု ၎င်းက ပြောသည်။

အဆိုပြုထားသည့် အစီအစဉ်သည် နှစ်လတာအတွက် လူတစ်ဦးလျှင် ဘတ်ငွေ ၂၀၀၀ နှုန်းကျ ပေးသွားမည်ဖြစ်ရာ လူတစ်ဦးစီလျှင် ဘတ်ငွေ ၄၀၀၀ ရရှိမည်ဖြစ်ကြောင်း ပရာဆွန်က ရှင်းပြသည်။ “ငွေသား ပေးကမ်းတာကို အကျိုးခံစားခွင့် ရရှိနိုင်သူ ငါးသန်းနီးပါးလောက် ရှိမယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်။”ဟု ၎င်းက ဖြည့်စွက်ဆိုသည်။

တစ်ချိန်တည်းတွင် ထိခိုက်မှုကြုံရသော ပြည်သူများအား ကူညီပေးနိုင်ရေးနှင့် စီးပွားရေး လှုံ့ဆော်မှုများ ဆောင်ရွက်နိုင်ရေးအတွက် လာမည့် ကက်ဘိနက်အစည်းအဝေးတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဌာနဆိုင်ရာများက ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်၏ နိုင်ငံရေးရာ ဒုတိယ အတွင်းရေးမှူးချုပ် ကိုဆတ်ပွတ်ထရာကိုးက ပြောသည်။

“COVID-19 ကူးစက်ဖြစ်ပွားပေမယ့် ထိုင်းစီးပွားရေး အခြေခံအုတ်မြစ်က ခိုင်မာနေဆဲ ဖြစ်တယ်။ COVID-19 ရဲ့ ဂယက်ဟာ ကာလတိုပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ကာကွယ်ဆေး ပေါ်လာတဲ့ အချိန်ရောက်ရင် အခြေအနေတွေက တစ်ဖြည်းဖြည်း တိုးတက်ကောင်းမွန်လာပြီး ထိုင်းစီးပွားရေးလည်း စတင် ပြန်လည်ဖွံ့ဖြိုးလာမှာပဲ ဖြစ်တယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly