ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု နောက် ၂ နှစ်ကြာအထိ ဆက်ရှိနေနိုင်ဟု တရုတ်ပညာရှင် ခန့်မှန်း

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု နောက် ၂ နှစ်ကြာအထိ ဆက်ရှိနေနိုင်ဟု တရုတ်ပညာရှင် ခန့်မှန်း

မတ် ၂၄။                 ။ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုနှင့်ပတ်သက်၍ ၁၅ ရက်အတွင်း အခြေအနေများ ပုံမှန်အတိုင်း ပြန်ဖြစ်စေလိုသည့် အလိုဆန္ဒများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ထားခဲ့သော်ငြား ကူးစက်ရောဂါများဆိုင်ရာ တရုတ်ကျွမ်းကျင်ပညာရှင်တစ်ဦးက ရှေ့တွင် ဆက်လက် ရင်ဆိုင်သွားရမည့် ကာလရှည်တိုက်ပွဲတစ်ခု ရှိနေဆဲဖြစ်ကြောင်း ကမ္ဘာကို သတိပေးသွားခဲ့သည်။

တရုတ် ကျောင်းသားများနှင့် မိခင်နိုင်ငံများကနေ ပြည်ပနိုင်ငံများတွင် အခြေချနေထိုင်သူ (expatriate) အများစု ပါဝင်သော ပရိသတ်တစ်စုကို telecom ကနေတဆင့် စကားပြောဆိုပေးရန် တရုတ် ပညာရှင်တစ်ဦးဖြစ်သည့် ပါမောက္ခ Zhang Wenhong အား ဂျာမနီနိုင်ငံ ဒူဆယ်ဒေါ့ဖ်မြို့ရှိ တရုတ် ကောင်စစ်ဝန်ရုံးက မကြာသေးမီက ဖိတ်ကြားခဲ့သည်။ Zhang Wenhong သည် ရှန်ဟိုင်းမြို့၏ COVID-19 တိုက်ဖျက်ရေးအဖွဲ့၏ ခေါင်းဆောင် ဖြစ်ကာ ဖူဒန် တက္ကသိုလ်၏ ဟွာရှန်းဆေးရုံမှ ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာန၏ ဒါရိုက်တာလည်း ဖြစ်သည်။

ယင်းကဲ့သို့ ပရိသတ်နှင့် တွေ့ဆုံပြောကြားစဉ် Zhang က ဥရောပဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုသည် များမကြာမီ အဆုံးသတ်သွားလိမ့်မည်ဟု ထင်မှတ်မထားကြရန် သတိပေးသွားခဲ့သည်။  ထို့ပြင် အဆိုပါ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုသည် အလုံးစုံ အဆုံးမသတ်နိုင်ခင် နောက်ထပ် တစ်နှစ် သို့မဟုတ် နှစ်နှစ်အထိ ဆက်ရှိနေကောင်းနေနိုင်သည်ဟုလည်း Zhang က ခန့်မှန်းသွားခဲ့သည်။

ထို့ပြင် နွေရာသီကာလတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်စဉ်များ လျော့နည်းသွားမည်ဖြစ်သော်လည်း ယင်းတို့သည် ဆောင်းရာသီတွင် ပြန်ပေါ်လာမည်ဖြစ်ကာ ယင်းနောက် လာမည့်နှစ် နွေဦးတွင် နောက်ထပ် ပိုမိုသေး ငယ်သော အထွတ်အထိပ်အခြေအနေတစ်ခု ဖြစ်မည်ဟု ၎င်းက ခန့်မှန်းသွားခဲ့သည်။

ယင်းနောက် ကမ္ဘာ့ အစိုးရများ မည်သို့မည်ပုံ တုန့်ပြန်ဆောင်ရွက်မည်အပေါ် မူတည်ပြီး အဆိုပါ သံသရာသည် နောက်တစ်ကြိမ် ထပ်ဖြစ်လာနိုင်သည်ဟုလည်း သိရသည်။

အလားတူ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတစ်ခုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းရာတွင် အခက်အခဲများ ရှိနေသည်ဟုလည်း Zhang က မှတ်ချက်ပြုသွားသည်။ ပြည်တွင်း၌ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ပြီ ဖြစ်သော် လည်း ပြည်ပကနေ ဝင်ရောက်နေသည့် ဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်များကြောင့် သတိဖြင့် ဆက်လက် နေထိုင်နေကြရလျက် ရှိသည့် တရုတ်၏ လက်ရှိအခြေအနေကိုလည်း Zhang က ညွန်ပြပြောဆိုသွားခဲ့သည်။

ထို့ပြင် ဗိုင်းရပ်စ်သည် ကမ္ဘာ့မြောက်ခြမ်းမှ ကမ္ဘာ့တောင်ဘက်ခြမ်းသို့ ရွှေ့သွားသည့် ဖြစ်နိုင်ခြေအလားအလာကိုလည်း Zhang က တင်ပြဆွေးနွေးသွားခဲ့သည်။ ရာသီဥတုများသည် ပြောင်းလဲနေပြီး ဗိုင်းရပ်စ် ကူးစက်မှု ဖြစ်စဉ်များကလည်း သွားလိုက်ပြန်လိုက် ဖြစ်နေသည်ဟု ၎င်းက ပြောသည်။

ယခု ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်မှုကို ရေတိုကာလတွင် တားဆီးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ကမ္ဘာတစ်ဝန်းရှိ လူများ လှုပ်ရှားသွားလာခြင်းနှင့် ခရီးသွားလာခြင်းတို့ကို သီတင်းပတ်လေးပတ် တားမြစ် နိုင်ရေး ကမ္ဘာတဝန်း ချိတ်ဆက်ညှိနှိုင်း ဝိုင်းဝန်းအားထုတ်ရန် ဖြစ်ကြောင်း ၎င်းက အကြံပြုပြောဆိုသွားသည်။ ယင်းအလားအလာသည် လက်တွေ့မကျနိုင်ဟု ၎င်းက ပြောသွားခဲ့သည်။

“ လူတွေရဲ့ သွားလာလှုပ်ရှားမှုတွေကို သီတင်းပတ် လေးပတ်ကြာ ရပ်တန့်စေဖို့ ကမ္ဘာတဝန်းလုံးက သဘောတူမှသာပဲ ဒီ ကပ်ရောဂါကို ထိန်းချုပ်ကောင်း ထိန်းချုပ်နိုင်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။ “ ဒါပေမယ့် အဲဒါက ဖြစ်နိုင်လိမ့်မယ်လို့တော့ ကျွန်တော့်တော့ မထင်မိပါဘူး” ဟု ၎င်းက ပြောသွားခဲ့သည်။

ထိုကဲ့သို့ တရုတ် ပါမောက္ခ၏ ပြောဆိုမှုများ Weibo ပေါ်တွင် ပျံ့နှံ့သွားပြီးနောက် အွန်လိုင်းသုံးသူများက အကယ်၍ လာမည့်နှစ် နွေဦးရာသီပွဲတော်တွင် အလားတူအတိုင်း ထိခိုက်ပျက်စီးမှုများ ရှိပါက ၎င်းတို့အား ကျောင်းသို့ ပြန်သွားခွင့် ပြုဦးမည်လား ဆိုသည်နှင့် ၎င်းတို့၏ နှာခေါင်းစည်းများကို ချွတ်နိုင်ပါဦးမည်လား ဆိုသည်နှင့်ပတ်သက်၍ မေးခွန်းထုတ်ခဲ့ကြသည်။

“ခုချိန်ကနေစလို့ နှာခေါင်းစည်းကို အမြဲတပ်ထားကြရပါတော့မယ်” ဆိုပြီး အွန်လိုင်သုံးသူတစ်ဦးက ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required