COVID-19 ရောဂါဘေးက အရှိန်မြှင့်နေဟု WHO အကြီးအကဲ ပြော

မတ်လ ၂၄။                ။ ကိုရိုနာဗိုင်းရပ်စ် တစ်ကမ္ဘာလုံး ကူးစက်ပျံ့နှံ့မှုဘေးဟာ အမှန်တကယ် အရှိန်မြင့်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တနင်္လာနေ့မှာ သတိပေးလိုက်ပေမယ့် ရောဂါတိုက်ဖျက်ရေး လုပ်ငန်းစဉ် တွေကြောင့် လမ်းကြောင်းပြောင်းလဲစေနိုင်တဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

တာဝန်ရှိ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အေအက်ဖ်ပီက စုယူတဲ့ အချက်အလက်တွေအရ တစ်ကမ္ဘာ့လုံးမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၁၅၀၀၀ ကျော် ရှိပြီး ကူးစက်ဖြစ်ပွားသူပေါင်း ၃၄၁၀၀၀ ကျော်ထက်မ နည်းအထိ တိုးမြင့်လာချိန်မှာ ခုလို မှတ်ချက်ပြု ပြောကြားလာတာလည်း ဖြစ်ပါတယ်။

“တစ်ကမ္ဘာလုံး ကူးစက်ဖြစ်ပွားမှုဘေးဟာ အရှိန်မြှင့်နေတယ်။”လို့ WHO အကြီးအကဲ တီဒရို့စ်အက်ဟန်နွမ်ဂျီဘရေယက်ဆက်က အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တရုတ်မှာ ဒီဇင်ဘာလက ဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ချိန်က စပြီး ရက်ပေါင်း ၆၇ ရက်အတွင်း တစ်ကမ္ဘာလုံးမှာ ပထမဆုံး လူတစ်သိန်း ကူးစက်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။

ဒုတိယကာလအဖြစ် ၁၁ ရက်တာအတွင်းမှာ ဒုတိယအသုတ် လူတစ်သိန်း ဗိုင်းရပ်စ် ကူးစက်ပြီး နောက် လေးရက်အတွင်းမှာ တတိယအသုတ် လူတစ်သိန်း ကူးစက်ခဲ့တာဖြစ်တယ်လို့ တီဒရို့စ်က ဆိုပါတယ်။

နိုင်ငံတော်တော်များများမှာ ဆေးရုံဆေးခန်း လိုအပ်ချက်တွေကြောင့် အတော်လေး သိသာတဲ့ ကူးစက်မှုတွေကိုသာ စမ်းသပ်နိုင်တာကြောင့် တရားဝင်မှတ်တမ်းတင်နိုင်တဲ့ ဗိုင်းရပ်စ်ကူးစက်သူ အရေအတွက်ဟာ အမှန်တကယ် ကူးစက်တဲ့ အရေအတွက်ရဲ့ အစိတ်အပိုင်းအနည်းငယ်ကိုသာ ကိုယ်စားပြုနေနိုင်တယ်လို့ ယူဆရပါတယ်။

“ကျွန်တော်တို့ဟာ မျှော်လင့်ချက်မဲ့နေတာတော့ မဟုတ်ဘူး။ ဒီ ရောဂါဘေးကို လမ်းကြောင်းပြောင်းလဲ ပစ်နိုင်တယ်။”လို့ တီဒရို့စ်က ပြောပါတယ်။

“ရောဂါကို အနိုင်ပန်းဖို့ အားမာန်ပါပြီး ရည်မှန်းမှတ်ရှိတဲ့ နည်းဗျူဟာတွေနဲ့ တိုက်ခိုက်သွားဖို့ လိုတယ်။”လို့ တီဒရို့စ်က ပြောပြီး “သံသယရှိသူတိုင်းကို စမ်းသပ်စစ်ဆေးခြင်း၊ သီခြားခွဲထားခြင်းနဲ့ ကူးစက်တယ်လို့ အတည်ပြု နိုင်သူတွေကို ကုသခြင်း၊ ရောဂါခြေရာခံခြင်းနဲ့ နီးစပ်ထိတွေ့ခဲ့သူတိုင်းကို ရောဂါခြေချုပ်ထားရှိခြင်း”တွေကိုလည်း ၎င်းက တိုက်တွန်းဆော်ဩခဲ့ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required