တရားဝင်နေထိုင်ခွင့် မတိုင်ကြားသည့် တရုတ်နိုင်ငံသား ၈၀ ကျော်ကို ပြန်ပို့မည်

တရားဝင်နေထိုင်ခွင့် မတိုင်ကြားသည့် တရုတ်နိုင်ငံသား ၈၀ ကျော်ကို ပြန်ပို့မည်
ပုံ- သင်္ဃန်းကျွန်းမြို့နယ်မှာ တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသားများကို စိစစ်နေစဉ်(ပုံ-Burmese.asia)

ရန်ကုန်၊မတ်လ ၂၃။              ။ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ နေအိမ်တစ်ခုတွင် တွေ့ရှိခဲ့သည့် တရုတ်နိုင်ငံသား ၁၀၀ ကျော်အနက် တရားဝင် နေထိုင်ခွင့်မရှိသည့် တရုတ်နိုင်ငံသား ၈၈ ဦးကို ၎င်းတို့၏ ဒေသအသီးသီးသို့ လေကြောင်းလိုင်းဖြင့် ပြန်လည် ပို့ဆောင်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား  ၈၈ ဦးအနက် ၁၈ ဦးကို ယနေ့(မတ်လ ၂၃ ရက်)ညနေ ၃ နာရီ ၅၅  မိနစ်တွင် China Eastern Airline ဖြင့် ပြန်လည် ပို့ဆောင်ထားပြီး မတ်လ ၂၄ ရက်နေ့တွင် နောက်ထပ် ၂၆ ဦးကို ထပ်မံပို့ဆောင် သွားမည်ဟု သိရ သည်။

Covid-19 ရောဂါကြောင့် လေယာဉ်လက်မှတ် ကြပ်တည်းနေသည့် အချိန်ကာလ ဖြစ်သည့်အတွက် ယခုလို တစ်ဖွဲ့စီ ခွဲ၍ ပို့ဆောင် နေရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ တရုတ်နိုင်ငံသားများသည် သင်္ဃန်းကျွန်းမြို့နယ်၊ နှင်းဆီလမ်းနှင့် ပန်းဝါလမ်းတို့တွင် နေထိုင်လျက်ရှိပြီး တရားဝင် နေထိုင်ခွင့် အခြေအနေနှင့်ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ မတိုင်ကြားဘဲ နေထိုင်နေ ခြင်းကို တာဝန်ရှိသူများက မတ်လ ၂၁ ရက် သွားရောက် စစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးတွေ့ရှိသော တရုတ်နိုင်ငံသား အရေအတွက်မှာ ၁၁၈ ဦးရှိကြောင်း၊ ထို ၁၁၈ ဦးအနက် ၈၈ ဦးမှာ တရားဝင် နေထိုင်ခွင့် (ဖောင်စီ)မတိုင်ကြားထားဘဲ နေထိုင်သူများဖြစ်ပြီး အွန်လိုင်းရှော်ပင်း လုပ်ကိုင်နေကြသူများ ဖြစ်သည်။

ထို့ကြောင့် တရားဝင်နေထိုင်ခွင့်(ဖောင်စီ) တိုင်ကြားရန် ပျက်ကွက်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အိမ်ပိုင်ရှင်တို့ကို လ.ဝ.က ဥပဒေနှင့်အညီ အရေးယူရန် စိစစ်လျှက်ရှိကြောင်း သိရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly