COVID-19 ကာကွယ်ရေးအတွက် EXECELLENT FORTUNE FOUNDATION မှ အင်းစိန်ထောင် အပါအဝင် ဆေးရုံများသို့ သိန်း၃၀၀၀ ကျော်တန်ဖိုးရှိဆေးရုံသုံးပစ္စည်းများလှူဒါန်း

COVID-19 ကာကွယ်ရေးအတွက် EXECELLENT FORTUNE FOUNDATION မှ အင်းစိန်ထောင် အပါအဝင် ဆေးရုံများသို့ သိန်း၃၀၀၀ ကျော်တန်ဖိုးရှိဆေးရုံသုံးပစ္စည်းများလှူဒါန်း
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

မတ်လ ၂၃။               ။ COVID-19 ကာကွယ်ရေးအတွက် EXECELLENT FORTUNE FOUNDATION မှ ရန်ကုန်တိုင်းအစိုးရရုံး ၊ အင်းစိန်ထောင်ဆေးရုံကြီးအပါအဝင် ဆေးရုံများသို့ သိန်း၃၀၁၅ ကျော်တန်ဖိုးရှိဆေး ရုံသုံးပစ္စည်းလှူဒါန်းခြင်း အခမ်းအနားကို မတ်လ ၂၃ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ ၊တိုင်းအစိုးရရုံးတွင်ပြုလုပ်ခဲ့သည်။

EXECELLENT FORTUNE FOUNDATION က တိုင်းအစိုးရရုံး ၊ တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများ ၊ဆေးခန်းများ ၊ နာရေးကူညီမှုအသင်း ၊ အင်းစိန်ထောင်ဆေးရုံကြီး ၊အမှတ်(၁)တပ်မတော်ဆေးရုံ တို့ကို ရောဂါကာ ကွယ်ရေးဝတ်စုံ (PPE)အပါအဝင် ဆက်စပ်ပစ္စည်းများလှူဒါန်းခဲ့သည်။

“ပြည်ပကပြန်လာတဲ့လူတွေကို ထားဖို့အတွက်ရှာဖွေတဲ့အခါမှ ၆ နေရာလောက် ရှိထားပါတယ်။ မနေ့က ပထမဆုံးက လှည်းကူးမှာ ၁၀၇ဦး ၊ ဒီနေ့ဆို ဆရာတော် အရှင်ဆေကိန္ဒ ရဲ့ ကျေးဇူးနဲ့ ၁၀၇ ဦး ၊ ဒီညနေမှာ ၁၀၀ လောက် ထပ်ရောက်မယ်လို့သိရပါတယ်။ တာမွေမှာရှိတဲ့ AYA Bank လေ့ကျင့်ရေးစင်တာမှာလည်း ၂၃ ဦး ၊ Yangon AirPort Hotel မှာဆို ၇၂ ဦး ၊ ၇မိုင်ဟိုတယ်မှာဆို ၃၁ ဦး ပါ။အခုဆို ထပ်ပြင်ထားတာ လှိုင်တက္ကသိုလ်မှာ ပညာရေးဝန်ထမ်းတွေကိုထားမယ့်အဆောက်အအုံနှစ်လုံးမှ တစ်လုံးကို ၈၄ခန်း ရှိတဲ့အတွက်ကြောင့် ၁၆၈ ဦး ၊ နှစ်တိုက်ဆိုတော့ ၃၀၀ ကျော်ဆန့်ပါမယ် “ ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က ရန်ကုန်တိုင်းအတွင်းမှာဗိုင်းရပ်စ် ကာကွယ်ရေးနှင့်ပတ်သက်ပြီး ပြောဆိုခဲ့သည်။

ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

EFF ဖောင်ဒေးရှင်းအနေဖြင့်  ရောဂါကာကွယ်ရေးဝတ်စုံ PPE  စုစုပေါင်း ၂၆၃၆ စုံ  ၊ ရောဂါကာကွယ်ရေးဝတ်စုံ ၆၀၀၀ ၊ အသက်ရှူစက်တစ်လုံး ၊ ရာဘာလက်အိတ် အစုံ ၂၅၀၀၀ ၊ နှာခေါင်းစည်း N95 8000 ၊ရောဂါကာ ကွယ်ရေးမျက်မှန် အလက် ၂၀၀၀ တို့ကိုလှူဒါန်းခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုအစုံ၂၀၀ လှူဒါန်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ဇီဝိတဒါန သံဃာ့ဆေးရုံ ၊ ပြည်သူဆေးရုံများနဲ့ တပ်မတော်ဆေးရုံ ၊လူမှုရေးအသင်းအဖွဲ့တွေကို အစုံ၁၄၃၆ စုံ ပါ။ ရန်ကုန် တိုင်းဒေသကြီးအတွက်စုစုပေါင်း အစုံ ၁၆၃၆ စုံ လှူဒါန်းတာဖြစ်ပါတယ် “ ဟု EXECELLENT FORTUNE FOUNDATION ၏ တည်ထောင်သူ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်း က မီဒီယာများ ကိုပြောသည်။

မတ်လ ၂၂ ရက်နေ့ ညရှစ်နာရီခွဲ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၂၀၀ ကျော်ရှိပြီး စောင့်ကြည်လူနာထဲမှ အခြားရောဂါဖြင့် သေဆုံးသူ ၁၂ ဦးရှိကြောင်းထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required