ထိုင်းနိုင်ငံကပြန်လာသူ လင်မယားနှစ်ယောက် စောင့်ကြည့်လူနာအဖြစ်ထပ်တိုး

ထိုင်းနိုင်ငံကပြန်လာသူ လင်မယားနှစ်ယောက် စောင့်ကြည့်လူနာအဖြစ်ထပ်တိုး

မတ်၊ ၂၃။                 ။ မော်လမြိုင်မြို့သို့အဝင်အထွက်လုပ်သူများကို ကိုယ်အပူအချိန်တိုင်းတာစစ်ဆေးမှုများပြုလုပ်နေရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ပြန်လာသည့် လင်မယားနှစ်ဦး ကိုယ်အပူချိန် မြင့်တက်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သောကြောင့် မတ်လ၂၃ရက်နေ့မှာမော်လမြိုင်ဆေးရုံကိုပို့ဆောင်ခဲ့ကြောင်းသိရသည်။

ထိုလင်မယားနှစ်ယောက်မှာ မတ်လ၂၂ရက်နေ့က ထိုင်းနိုင်ငံကနေပြန်လာကာ ယနေ့နံနက်တွင်မော်လမြိုင်မြို့သို့ရောက်ရှိပြီး ကျိုက်မရောအဝိုင်းမှာ ကိုယ်အပူချိန်စစ်ဆေးခံခဲ့ရခြင်းဖြစ်သည်။ အမျိုးသားက ၅၂နှစ်ဖြစ်ပြီး အမျိုးသမီးက ၄၂နှစ်ရှိပြီဖြစ်ကြောင်းသိရသည်။

 မော်လမြိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က “သူတို့ကိုကျွန်တော်တို့ ဂိတ်ကနေ စစ်ဆေးတော့ ကိုယ်အပူချိန်တွေများနေတယ်။ တစ်ယောက်က ၉၉ (ဒီဂရီဖာရင်ဟိုက်)တစ်ယောက်က ၁၀၀(ဒီဂရီဖာရင်ဟိုက်) ကျော်လောက်ရှိတာပေါ့နော်။”ဟုပြောသည်။

လက်ရှိမှာလည်း ဒီလင်မယားနှစ်ယောက်စလုံးတွင် COVID-19နဲ့ပတ်သက်သည့် ရောဂါလက္ခဏာ ပြသတာမျိုးမရှိ သည့်အတွက် စိုးရိမ်စရာအခြေအနေမဟုတ်ကြောင်း ဒေါက်တာကျော်မြင့်ကပြောသည်။

“သူတို့မှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ (Respiratory Sympton) အဆုတ်နဲ့ပတ်သက်တဲ့ ချောင်းဆိုး၊ နှာစေး၊ အသက်ရှုကြပ်၊ အမောမရှိပါဘူးခင်ဗျ။ အခုတော့သူတို့ကို ကျွန်တော်တို့ဆေးရုံရဲ့ လေးထပ်ဆောင် အောက်ဆုံးထပ်ဖြစ်တဲ့ Quarantine Wardနေရာမှာ စောင့်ကြပ်ထားပါတယ်။” ဟုပြောသည်။

သည်ကနေ့မှာပဲ ထိုင်းနိုင်ငံကပြန်လာသူများတွင် ထိုင်း-မြန်မာနယ်စပ် မြဝတီမှ မုံရွာသို့ပြေးဆွဲနေသာယာဉ် လိုင်းဖြင့်ပြန်လာသူ အသက် ၂၄နှစ်အရွယ် လူငယ်တစ်ဦးသည်လည်း ကိုယ်အပူချိန်မြင့်နေ၍ မုံရွာဆေးရုံသို့ ပို့ဆောင်ကာစောင့်ကြည့်လူနာအဖြစ်ထားခဲ့ကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly