COVID-19 ကာကွယ်ရေးလုပ်ငန်းများကို စေတနာ့ဝန်ထမ်းများဖြင့် ဆရာဝန်အသင်း လုပ်ဆောင်မည်

COVID-19 ကာကွယ်ရေးလုပ်ငန်းများကို စေတနာ့ဝန်ထမ်းများဖြင့် ဆရာဝန်အသင်း လုပ်ဆောင်မည်
Photo-MMA-CME

မတ်လ ၂၃။                ။ ကိုရိုနာဗိုင်းရပ်စ် COVID -19 ကာကွယ်ရေးနှင့်ပတ်သက်သည့်လုပ်ငန်းများကို မြန်မာနိုင်ငံဆရာဝန် အသင်းက စေတနာ့ဝန်ထမ်းများဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆရာဝန် အသင်း(ရန်ကုန်တိုင်းဒေသ ကြီး)၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းဇော်ကပြောသည်။

မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့် COVID -19 ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဋ္ဌာနနှင့် ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး လက်ရှိတွင်စေတနာ့ ဝန်ထမ်းအဖြစ် စာရင်းပေးသွင်းသူ ၁၁၀ကျော်ရှိပြီဖြစ်ကြောင်း ဒေါက်တာ ဝင်းဇော်က ဆိုသည်။

“ကျွန်တော်တို့ ၁၁၀ကျော်စာရင်းရရှိထားပါပြီ။ ထပ်ပြီးရောက်လာဖို့လည်းရှိပါသေးတယ်။မြန်မာပြည် တစ်ခုလုံးက ဆိုတာထက် ရန်ကုန်က စာရင်းပေးတာပိုများပါတယ်။” ဟု ဒေါက်တာဝင်းဇော်က ဆိုသည်။

COVID -19 ရောဂါသည် မြန်မာနိုင်ငံသို့ ကူးစက်ပြန်နှံ့လာခြင်းမရှိသေးသော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကြိုတင်ကာကွယ်ရန် စီမံချက်များ ချမှတ်ဆောင်ရွက်လျှက်ရှိပြီး မြန်မာနိုင်ငံဆရာဝန်အသင်း အနေဖြင့်လည်း ရောဂါကူးစက် ပြန့်ပွား ခြင်းမရှိစေရန် ဟောပြောပို့ချခြင်းများ၊ ပညာပေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိကြောင်း ၎င်းကဆိုသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဋ္ဌာနနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့မှ ပူးပေါင်းဆောင်ရွက်မည့် COVID -19 ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်တွင် စေတနာ့ဝန်ထမ်းဆရာဝန်များက ပထမအဆင့် အနေဖြင့် ကိုရိုနာဗိုင်း ရပ်စ်နှင့် ပတ်သက်သည့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ပြည်သူ့လူထုအတွင်း ပိုမိုသိရှိလာစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လမ်းတွေ၊ ကားဂိတ်တွေ၊ ရပ်ကွက်တွေမှာ COVID -19 နဲ့ပတ်သက်တဲ့ လက်ကမ်းစာစောင် ဖြန့်ဝေတာ။ အပူချိန်တိုင်းတာတာ၊ လက်ဆေးဖို့ တိုက်တွန်းတာ၊ သရုပ်ပြတာတွေလုပ်ဆောင်ပါမယ်” ဟု ဒေါက်တာ ဝင်းဇော်က ဆိုသည်။

ထို့ပြင် ဝေဘာဂီဆေးရုံအပြင် ကျန်သည့်ဆေးရုံများတွင် COVID -19 နှင့် ပတ်သက်ပြီး စောင့်ကြည့် လူနာ များနှင့်နိုင်ငံခြားတိုင်းပြည်များမှ မြန်မာနိုင်ငံသို့ပြန်လာသူများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း (Quarantined) ၁၄ရက်ကြာ ခေတ္တစောင့်ကြည့်ရာတွင် ကျန်းမာရေးဝန်ကြီးဋ္ဌာနနှင့် ပူးပေါင်း ဆောင် ရွက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဒုတိယအဆင့်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူရှာဖွေတွေ့ရှိသည့် အဆင့်ရောက်မှသာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆရာဝန်များကွန်ရက်ပုံစံချိတ်ဆက် ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါက်တာဝင်းဇော် က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၉ရက် က မြန်မာနိုင်ငံဆရာဝန်အသင်း(ရန်ကုန်) မှ စေတနာ့ဝန်ထမ်းများ ဖိတ်ခေါ် ကြောင်း ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ရာ မတ်လ ၂၃ရက်အထိ ငါးရက်အတွင်း စာရင်းပေးသွင်းထားသူ ဆရာဝန်ဦးရေ ၁၁၀ကျော် ရှိနေပြီကာ ထပ်မံစာရင်းပေးသွင်းသူများလည်း ရှိကြောင်း သိရသည်။

စေတနာ့ဝန်ထမ်းလုပ်လိုသူ ဆရာဝန်များအနေဖြင့် အမည်စာရင်းကို မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်)မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းဇော် ဖုန်း ၀၉- ၅၀၀၇၈၃၈ (Email:[email protected]) သို့လည်းကောင်း၊ ဦးသောင်းညွှန့် ရုံးအဖွဲ့မှူး-၀၉ ၄၄၃၉၀၂၄၅၈ (Email :[email protected]) သို့ လည်းကောင်း ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။

Photo-MMA-CME

စာရင်းပေးသွင်းထားသည့် ဆရာဝန်များတွင် အငြိမ်းစားဆရာဝန်ကြီးများနှင့် နယ်ဒေသများမှ ဆရာဝန်များ ပါဝင်ကြောင်းနှင့် အများစုသည် လူငယ်များဖြစ်ကြောင်း  မြန်မာနိုင်ငံဆရာဝန်အသင်းမှ ရုံးအဖွဲ့မှူး ဦးသောင်းညွှန့် က ဆိုသည်။

ထို့အပြင် IT ပညာရှင်များနှင့် ကျန်းမာရေးနှင့်ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်နေသူများလည်း စာရင်းပေးသွင်းကြကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်းမှ သိရသည်။

လက်ရှိတွင် စေတနာ့ဝန်ထမ်းဆရာဝန်များအတွက် Mask(နှာခေါင်းစွပ်)  များ၊ PPE (တစ်ကိုယ် ရည်သုံး ကာကွယ်ရေးဝတ်စုံ) ဝတ်စုံများ၊ လက်သန့်ဆေးရည်များအား အလှူရှင်များရှာဖွေကာ စုဆောင်းလျှက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံဆရာဝန်အသင်း အနေဖြင့် COVID -19 ကူးစက်ပြန့်ပွားခြင်းမရှိစေရန် ဟောပြော ပို့ချခြင်းများ၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသည်။မြန်မာနိုင်ငံဆရာဝန်အသင်းသည် မြန်မာနိုင်ငံတစ်ဝန်းရှိ အဖွဲ့ဝင် ဆရာဝန်ဦးရေ တစ်သောင်းကျော် ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

COVID -19 ရောဂါ ထိန်းချုပ်ကုသရေးအတွက် ရန်ကုန်တိုင်းအတွင်း ခုတင် ၃၀၀ ဆံ့ ဆေးရုံနှစ်ရုံနှင့် သီးသန့်ထားနိုင်သည့် တိုက်ခန်းပေါင်း ၅၀၀ ခန့် ပြင်ဆင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မတ်လ ၂၁ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် COVID -19 ကာကွယ်၊ထိန်းချုပ်၊ကုသရေးဆိုင်ရာရန်ပုံငွေ၊ ဆေးနှင့်ဆေးပစ္စည်း လှူဒါန်းပွဲတွင် ပြောကြားခဲ့သည်။

အလားတူပင် နိုင်ငံခြားမှ ပြန်ဝင်လာသူများကို ၁၄ရက်ကြာ စောင်ကြည့်သည့် Quarantine အတွက် မှော်ဘီတွင်ရှိသည့် ဆရာတော် အရှင်ဆေကိန္ဒ၏ ဘုန်းတော်ကြီးကျောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ၇မိုင်ဟိုတယ်၊ ဧရာဝတီဘဏ် လေ့ကျင့်ရေးသင်တန်းကျောင်း၊ မြန်မာနိုင်ငံဘောလုံးအကယ်ဒမီ သင်တန်းကျောင်း၊ လှိုင်တက္ကသိုလ်ဝင်း ပညာရေးဝန်ထမ်းအိမ်ယာ တို့တွင် စီစဉ်ထားကြောင်းသိရသည်။
    

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required