Covid-19 ကို တိုက်ထုတ်ဖို့ ကူညီပေးတော့မယ့် ရော်နယ်ဒို

ဘောလုံးသမားတွေထဲမှာ အလှူအတန်းအရက်ရောဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ပေါ်တူဂီနိုင်ငံတွင်းက ဆေးရုံတွေကို Covid-19 နဲ့ ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ ရောဂါခံစားနေရသူတွေအတွက် ငွေကြေးတွေကို လှူဒါန်းသွားဖို့ ပြင်ဆင်နေပြန်ပါပြီ။

ဒီအစီအစဉ်ကို ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်းဒက်စ်က စတင်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုလည်း ပါဝင်ပူးပေါင်းသွားမယ်ဆိုတဲ့အကြောင်း အသိပေးခဲ့တာပါ။

ဂျော့ချ်မန်းဒက်စ်ဟာ လက်ရှိအချိန်မှာ ပေါ်တိုမြို့တွင်းက ဆေးရုံတွေအတွက် လူနာဝတ်စုံ (၂)သိန်းအပြင်၊ အရေးပေါ်အသက်ရှူစက် (၃)လုံးကို လှူဒါန်းထားပြီး နှာခေါင်းစည်း အရေအတွက် (၅၀,၀၀၀)ကိုလည်း ထပ်မံ လှူဒါန်းသွားဖို့ ပြင်ဆင်နေတာပါ။

ဒီအစီအစဉ်မှာ တစ်နှစ်ကို ပေါင်(၂၈)သန်း လစာရနေတဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကလည်း ပါဝင်မှာဖြစ်ပြီး ပေါ်တူဂီ နိုင်ငံတွင်းက ဆေးရုံတွေအားလုံးကို အခုလိုမျိုး လှူဒါန်းသွားဖို့ ရှိနေတာပါ။

လက်ရှိအချိန်မှာ အီတလီကနေ ထွက်ခွာပြီး မာဒီရာမှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ အနားယူနေတဲ့ ရော်နယ်ဒိုဟာ ဒီလှူဒါန်းမှုတွေအတွက် အနည်းဆုံး ပေါင်(၁)သန်းလောက် သုံးဖို့ ရည်ရွယ်ထားတယ်လို့ Mirror က ဖော်ပြပါတယ်။

ပေါ်တူဂီနိုင်ငံတွင်းမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ (၁,၂၈၀)ကျော်ရှိနေပြီး သေဆုံးသူ (၁၂)ဦးအထိ ရှိနေပြီလို့ သတင်းတွေက ဖော်ပြပါတယ်။

လက်ရှိအချိန်မှာ ဘောလုံးလောကနဲ့ ပတ်သက်သူတွေဟာ Covid-19 ရောဂါရှင်တွေအတွက် ကူညီမှုတွေ အသီးသီး လုပ်ဆောင်နေကြပါပြီ။ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ် က သူ့ရဲ့ဟိုတယ်ကို ကျန်းမာရေးဝန်ထမ်းတွေအတွက် အခမဲ့ အသုံးပြုခွင့်ပေးထားသလို၊ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီး ကလည်း သူနဲ့ ရွိုင်ယန်ဂစ်တို့ ပူးတွဲပိုင်တဲ့ ဟိုတယ်ကို ကျန်းမာရေးဝန်ထမ်းတွေအတွက် ကူညီပေးထားခဲ့တာပါ။

ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးကလည်း သူ့ရဲ့နိုင်ငံတွင်းမှာ Covid-19 ကို ကာကွယ်ဖို့အတွက် ပေါင်(၁)သန်းအထိ လှူဒါန်းထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required