COVID-19 စောင့်ကြည့်လူနာထားမည့် နှစ်နေရာထပ်တိုး

မတ် ၂၃။                ။  COVID - 19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့နိုင်ငံအများစုက lockdownချပြီးနောက် ထိုနိုင်ငံများမှ ပြန်လာမည့်သူတွေကို COVID - 19စောင့်ကြည့်ဖို့ ထားရှိမည့်နေရာများတွင် ဘောလုံး အဖွဲ့ချုပ်၏ MFFအမျိုးသား အကယ်ဒမီသင်တန်းကျောင်းနဲ့ AYA ဘဏ်သင်တန်းကျောင်းများလည်းပါ ဝင်မည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက “လတ်တလော လေဆိပ်မှာ ပြန်လာတာနဲ့ပတ်သက်ပြီး အဆင်မပြေတာတွေကြားရတယ်ပေါ့နော်။ အဲ့တော့ ကျွန်တော်တို့ဥက္ကဋ္ဌ အနေနဲ့ ဒါကို သူနိုင်တဲ့ဘက်ကနေပြီးတော့ ဝင်ပြီးစီစဉ်ဆောင်ရွက်ပေးတာဖြစ်ပါတယ်။”ဟု ပြောသည်။

တာမွေမြို့နယ်က AYAဘဏ်သင်တန်းကျောင်းမှာ ယနေ့သတင်းရေးသားနေချိန်အထိ စောင့်ကြည့်လူနာ ၆၄ ယောက်ထားရှိနေပြီဖြစ်ကြောင်း ဦးကိုကိုသိန်းကပြောသည်။

Photo Credit - MFF

“ဒီနေ့မနက်မှာတင် ဧရာဝတီဘဏ်သင်တန်းကျောင်းမှာ အားလုံးစုစုပေါင်းကတော့ ၆၄ယောက်ဝင် သွားပါပြီ။ ဒီညမှာလည်း အမ်းမရိတ်လေကြောင်းလိုင်းနဲ့ ဝင်မယ့် ဧည့်သည်တွေလည်းရှိပါတယ်။ ဘယ်နှယောက်ဝင်မယ်ဆိုတာကတော့ မခန့်မှန်းတတ်သေးဘူး။ Informationလည်းမရသေးဘူး။” ဟုပြောသည်။

ထိုသင်တန်းကျောင်းတွင် လူဦးရေ ၁၅၀ကျော်လောက်ထားရှိမှာဖြစ်ကြောင်း အမျိုးသားဘောလုံး အကယ်ဒမီ သင်တန်းကျောင်းတွင် လူဦးရေ ၅၀နှင့် စုစုပေါင်း လူဦးရေ ၂၀၀ထား ရှိသွားမည် ဖြစ်သည်။

လက်ရှိအချိန်ထိ ဘောလုံးအကယ်ဒမီသင်တန်းကျောင်းတွင် တစ်ဦးမှထားရှိခြင်းမရှိသေးဘဲ ဧရာဝတီ ဘဏ်သင်တန်းကျောင်းမှာလူပြည့်မှ အကယ်ဒမီသင်တန်းကျောင်းကို ပို့ဆောင်မှာဖြစ်သည်ဟု သိရသည်။

ဒီအကယ်ဒမီသင်တန်းကျောင်းတွင်ရှိသည့် ကျောင်းသားတွေအနေနဲ့လည်း ဆယ်တန်းစာမေးပွဲပြီး ဆုံးသွား၍နေရပ်သို့ပြန်ရောက်နေကြောင်းသိရသည်။

Photo Credit - MFF

“ကလေးတွေပြန်ဝင်လာတဲ့အခါကျရင် ကျွန်တော်တို့အနေနဲ့ ကျောင်းတစ်ခုလုံးကို ဆေးဖြန်းစရာရှိတာ ဖြန်းမယ်။ ပိုးတွေသတ်တာတို့ အဲ့ဒါတွေအကုန်လုံးအပြင် သုံးတဲ့အသုံးဆောင်ပစ္စည်းတွေကအစ အသစ်တွေပြန်လုပ်ဖို့ လိုပါတယ်။ ဒါတွေအကုန်လုံးကိုလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် အတိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။”ဟု ဦးကိုကိုသိန်းကပြောသည်။

ဒီသင်တန်းကျောင်းကိုရောက်ရှိလာမယ့် စောင့်ကြည့်ခံရမည့်သူများကိုတော့မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အပြင် ဧရာတီဘဏ်အနေဖြင့်လည်း နေစရိတ်စားစရိတ်ကိုအခမဲ့ ထောက်ပံ့ပေးသွားမှာ ဖြစ်သည်ဟု ဦးကိုကိုသိန်း ကပြောသည်။

ဧရာဝတီ ဖောင်ဒေးရှင်း အနေဖြင့် ပြီးခဲ့သည့် မတ်လ ၁၈ ရက်ကလည်း ဝေဘာဂီ ဆေးရုံကြီးနှင့် ရန်ကင်း ကလေးဆေးရုံကြီးတို့တွင် COVID-19 ကုသ ကာကွယ်ရေး လုပ်ငန်းများအတွက် ကျပ်သိန်းပေါင်း ၁၀၀၀ အား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ကြောင်းသိရသည်။

ပြည်ပကပြန်လာမည့်သူတွေကို ၁၄ရက်တာ ခေတ္တစောင့်ကြည့်မယ့်နေရာတွေအနေနဲ့ ဒီသင်တန်းကျောင်းများ အပါအဝင် ဝေဘာဂီကူးစက်ရောဂါကု ဆေးရုံကြီး၊တောင်ဥက္ကလာအမျိုး သမီးနှင့် ကလေးဆေးရုံလေးထပ် ကျောင်းဆောင်သစ်၊လှည်းကူးသင်တန်းကျောင်း၊ မှော်ဘီက အရှင်ဆေကိန္ဒရဲ့ဘုန်းကြီးကျောင်း၊  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က Airpot ဟော်တယ်၊ သိမ်ဖြူလက်ဝှေ့အားကစားရုံကြီးတွေ မှာလည်း ထားရှိသွား မည်ဟုသိရသည်။  

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required