မိတ္ထီလာမြို့တွင် COVID-19 စောင့်ကြည့်လူနာ အမျိုးသမီးတစ်ဦး ထပ်မံတွေ့ရှိ

မိတ္ထီလာမြို့တွင် COVID-19 စောင့်ကြည့်လူနာ အမျိုးသမီးတစ်ဦး ထပ်မံတွေ့ရှိ
ပုံ- မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီးသို့ COVID-19 စောင့်ကြည့်လူနာကိုပို့(ပုံ- မျိုးဆက်သစ် မြတ်ပါရမီ သွေးအလှူရှင် ပရဟိတအသင်း)

ရန်ကုန်၊ မတ် ၂၃။                  ။ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ရန်မျိုးအောင် ရပ်ကွက်တွင် မတ် ၂၂ ရက်က ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID-19 ရောဂါ နှင့်ပတ်သက်ပြီး စောင့်ကြည့်လူနာ အမျိုးသမီးတစ်ဦးအား ထပ်မံတွေ့ရှိခဲ့သည်။

ထိုအမျိုးသမီးသည် မတ်လ ၁၁ ရက်က ထိုင်းနိုင်ငံ၊ ဟိုင်ရန်မြို့မှ ပြန်လာခြင်းဖြစ်ပြီး လက်ရှိတွင် မိတ္ထီလာမြို့ ပြည်သူ့ ဆေးရုံကြီးရှိ သီးသန့်ဆောင်သို့ ပို့ဆောင်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်က ပြောသည်။

"ထိုင်းနိုင်ငံကနေ ပြန်လာတဲ့တစ်ယောက်ပါ။ ဖျားတယ် နောက်တစ်ခုက ချောင်းနည်းနည်း ဆိုးတယ်။ အခုလက်ရှိ သူ့ အခြေအနေကတော့ ကောင်းပါတယ်ရှင့်။ စစ်ဆေးတာက ဒီကနေ့ ယူပြီးမှ ဒီကနေ့မှ ပို့မှာ။ ညနေကားနဲ့။ မနက်ဖြန် ညနေလောက်မှပဲ သိရမှာ"ဟု ၎င်းက ပြောသည်။

ထိုအမျိုးသမီးအား ဆေးရုံသို့ လိုက်လံပို့ဆောင်ပေးသည့် မျိုးဆက်သစ် မြတ်ပါရမီ သွေးအလှူရှင် ပရဟိတအသင်းမှ ဥက္ကဋ္ဌ ဦးကျော်ကိုကိုက ချောင်း လေးရက်လောက် ဆိုးပြီး ခုနစ်ရက်ဝန်းကျင် နေမကောင်းသည့်အတွက် ယခုလို ဆေးရုံသို့ စောင့် ကြည့်လူနာအဖြစ် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

"သူက ၈ ရက်နေ့က ထိုင်းကနေ ပြန်လာတာလို့ပြောတယ်။ ၁၁ ရက်နေ့ ည ၁၀ နာရီခွဲက ဒီကိုရောက်တယ်။ ရောက်ပြီး အဲ့မှာ ချောင်း ၄ ရက်လောက် ဆိုးတယ်လို့ ပြောတယ်။ နေမကောင်းတာ ၇ ရက်လောက် ဖြစ်တယ်ဆိုလို့ ပတ်ဝန်းကျင်က လည်း နိုင်ငံခြားက ပြန်လာတာနဲ့ ဘာနဲ့ဆိုတော့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ ဒီဆေးရုံမှာ စောင့်ကြည့် လူနာအဖြစ် ထားဖို့ ဆိုပြီးတော့မှ ပို့လိုက်တာပါ" ဟု ၎င်းက ပြောသည်။

ထိုအမျိုးသမီးသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး နေရပ်သို့ ပြန်လာခြင်းဖြစ်ကာ ရောဂါလက္ခဏာ အနေအထားအရ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားသည်။

လက်ရှိတွင် မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီး၌ COVID-19 စောင့်ကြည့်လူနာ စုစုပေါင်း လေးဦးရှိနေကြောင်း၊ ထို လေးဦးတွင် သုံးဦးက အမျိုးသမီးဖြစ်ပြီး တစ်ဦးမှာ အမျိုးသား ဖြစ်ကြောင်း သိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly