ခရိုအေးရှားမှာ ပြင်းအား ၅ ဒသမ ၃ အဆင့်ရှိ ငလျင်ကြောင့် အဆောက်အအုံတွေနဲ့ ကားတွေ ထိခိုက်ပျက်စီး

ခရိုအေးရှားမှာ ပြင်းအား ၅ ဒသမ ၃ အဆင့်ရှိ ငလျင်ကြောင့် အဆောက်အအုံတွေနဲ့ ကားတွေ ထိခိုက်ပျက်စီး

မတ် ၂၃။           ။ ခရိုအေးရှားနိုင်ငံရဲ့ မြို့တော် ဇာဂရက်မှာ ယမန်နေ့ မတ်လ ၂၂ ရက်က ပြင်းအား ၅ ဒသမ ၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခဲ့ရာ အဆောက်အအုံတွေနဲ့ ကားတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ငလျင်ကြောင့် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးလည်း ပြင်းထန် ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

မနေ့က လှုပ်ခဲ့တဲ့ ငလျင်ကတော့ ခရိုအေးရှားရဲ့ မြို့တော်မှာ နှစ်ပေါင်း ၁၄၀ နီးပါးအတွင်း အားအပြင်းဆုံး ငလျင် ဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဒရီ ပလန်ကိုဗစ်က ပြောပါတယ်။

ဒီငလျင်ကတော့ ဒေသစံတော်ချိန် မနက် ၆ နာရီဝန်းကျင်ခန့်မှာ လှုပ်ခဲ့တာဖြစ်ပါပြီး ငလျင်လှုပ်ချိန်မှာ မြို့ခံပြည်သူတွေ ကြောက်လန့်တကြား လမ်းတွေပေါ် ပြေးထွက်ခဲ့ကြရတယ်လို့ AFP ဂျာနယ်လစ်တစ်ဦးက ပြောပါတယ်။

ငလျင်ကြောင့် ဇာဂရက်မြို့လယ်ခေါင်ရှိ အထင်ကရ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတော်ကြီးတစ်ခုရဲ့ ခေါင်ချွန်းတစ်ခုလည်း ကျိုးပဲ့သွားခဲ့ပါတယ်။ ဒါ့အပြင် အဆောက်အအုံတချို့ရဲ့ အုတ်ချပ်ပြားတွေလည်း ကွာကျခဲ့ပြီး ပါကင်ထိုးထားတဲ့ ကားတွေပေါ် ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။

ငလျင်ကြောင့် အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက် ယောကျ်ားလေးတစ်ဦး သေဆုံးတယ်လို့ ကနဦးပိုင်းမှာ သတင်းထွက်ပေါ်ခဲ့ပေမယ့် ယင်းနောက်ပိုင်း ဇာဂရက်မြို့ ဆေးရုံညွန်ကြားရေးမှူးက ဆယ်ကျော်သက် မိန်းကလေးတစ်ဦးသာ အရေးပေါ်အခြေအနေနဲ့ ကုသမှုခံယူနေရကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။

တချိန်တည်းမှာလည်းပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားဆီးနိုင်ဖို့အတွက် ဒေသခံပြည်သူတွေ လူစုလူဝေးခြင်း ရှောင်ဖို့ အာဏာပိုင်တွေက သတိပေးထားခဲ့ပါတယ်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly