ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် လူနှစ်ဦးထက်ပိုလို့ မစုဝေးကြရန် ဂျာမနီဝန်ကြီးချုပ် မှာကြား

ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် လူနှစ်ဦးထက်ပိုလို့ မစုဝေးကြရန် ဂျာမနီဝန်ကြီးချုပ် မှာကြား

မတ် ၂၃။        ။ ဥရောပရဲ့ စီးပွားရေးအင်အားအကြီးမားဆုံးနိုင်ငံဖြစ်တဲ့ ဂျာမနီဟာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုတားဆီးနိုင်ဖို့ စည်းကမ်းသတ်မှတ်ချက်တွေ တင်းတင်းကျပ်ကျပ်ပြဋ္ဌာန်းထားလိုက်ပြီး လူနှစ်ဦးအထက် မစုဝေးကြဖို့  ဝန်ကြီးချုပ် အန်ဂျလာ မာကယ်လ် က မတ်လ ၂၂ ရက်မှာ  ပြည်သူတွေကို မိန့်ခွန်းပြောကြားစဉ်မှာ မှာကြားလိုက်ပါတယ်။

ဂျာမနီနိုင်ငံမှာ စာသင်ကျောင်းတွေ၊ သိပ်မလိုအပ်တဲ့ ဈေးဆိုင်တွေပိတ်ဖို့၊  လူစုလူဝေးတွေမလုပ်ဖို့ စည်းကမ်းသတ်မှတ်ထားပြီးဖြစ်ပေမယ့် လူအုပ်စုလိုက် စုဝေးတာနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ညွှန်ကြားထားခြင်းမရှိခဲ့ပါဘူး။

တစ်အိမ်တည်းမှာအတူနေကြတဲ့ မိသားစုတွေနဲ့ အပြင်ကို လေကောင်းလေသန့် ထွက်ရှူကြတာလိုမျိုး  အုပ်စုလိုက်စုဝေးခြင်းကိုတော့  ခြွင်းချက်အနေနဲ့ ခွင့်ပြုထားပါတယ်။

လူတွေနဲ့ အနီးကပ်လုပ်ဆောင်ရတဲ့ လုပ်ငန်းတွေဖြစ်တဲ့ ဆံပင်ညှပ်ဆိုင်နဲ့ အနှိပ်ခန်းတွေကိုလည်း ဦးစားပေး တားမြစ်ထားပါတယ်။

စားသောက်ဆိုင်တွေကိုလည်း ပိတ်ထားပြီး ပါဆယ်ဝယ်ဖို့တော့ ခွင့်ပြုထားပါတယ်။

အန်ဂျလာ မာကယ်လ် က စာနာစိတ်ထားကြဖို့နဲ့ ဆင်ဆင်ခြင်ခြင်နေထိုင်ကြဖို့ ပြည်သူတွေကို မေတ္တာရပ်ခံခဲ့ပြီး တခြားလူတွေနဲ့ အနည်းဆုံး ခြောက် ပေခွဲအကွာလောက်မှာ နေဖို့ညွှန်ကြားထားပါတယ်။ ချမှတ်ထားတဲ့ စည်း မျဉ်းစည်းကမ်းတွေလိုက်နာဖို့ကလည်း အသက်တမျှအရေးကြီးတယ်လို့  ပြောဆိုခဲ့ပါတယ်။

မာကယ်လ် ဟာ အကွာအဝေးလိုအပ်ချက်နဲ့ပတ်သက်ပြီး အင်မတန် အရေးထားသူဖြစ်ကာ သူကိုယ်တိုင်လည်း အများအားဖြင့် တယ်လီဖုန်းနဲ့ ဗီဒီယိုမှတစ်ဆင့်သာ ဆွေးနွေးပြောဆိုမှုတွေ လုပ်ဆောင်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required