ရွှေကြိုမှာ COVID-19 သရုပ်ပြမှုကို လုံးဝ ကန့်ကွက်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနပြော

ရွှေကြိုမှာ COVID-19 သရုပ်ပြမှုကို လုံးဝ ကန့်ကွက်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနပြော
ပုံ- ရွှေကြိုမောင်မယ် ရွေးချယ်ပွဲမှာ COVID-19 ရောဂါဖြစ်ပွားမှု သရုပ်ပြနေ(ပုံ-me MRTV Entertainment)

ရန်ကုန်၊ မတ် ၂၂။           ။ မတ်လ ၂၂ ရက်နေ့တွင် တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည့် ရွှေကြိုမောင်မယ် ရွေးချယ်ပွဲတွင် ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID-19 ရောဂါနှင့် ပတ်သက်၍ သရုပ်ပြသွားသည့်အပေါ် ကန့်ကွက်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူး ဒေါက်တာခင်ခင်ကြီးက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ သရုပ်ပြမှုတွင် အမျိုးသား တစ်ယောက်သည် ထိုင်းက ပြန်လာသည့် သူ့အစ်ကိုဆီမှ ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID-19 ရောဂါ ကူးစက်ခံလိုက်ရသည့် ပုံစံမျိုးနှင့် သရုပ်ပြသွားခြင်း ဖြစ်သည်။

ထိုဗွီဒီယိုသည် ကြည့်ရှုသည့် ပရိသတ်များအား အထိတ်တလန့် ဖြစ်စေသည့်အတွက် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝေဖန်မှုများ မြင့်တက်နေသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက"မနက်က လာပို့တာကြောင့် အစ်မလည်း သိလိုက်ရပါ တယ်။ တကယ့် တကယ်ကျလို့ ရှိရင်တော့ ဒါက ဘယ်လိုမှ မလုပ်သင့်ဘူး။ ဒါနဲ့ ကျွန်မတို့ ကျန်းမာ ရေးဝန်ကြီးဌာန အနေနဲ့ တော့ လုံးဝကို ကန့်ကွက်ပါတယ်။ အခုချိန်ဟာဆိုရင် အသက်တွေနဲ့ရင်းပြီးတော့ ကျွန်မတို့အနေနဲ့ ဆောင်ရွက်နေ ကြ တယ်။ အိမ်နီးချင်းနိုင်ငံ အပါအဝင် နိုင်ငံတော်တော်များများမှာ ဖြစ်နေတယ်။ မဖြစ်သေးတဲ့ နိုင်ငံဆိုလို့ရှိရင် ဆယ်ဂဏန်း ကျော်ကျော်ပဲ ရှိတော့တယ်၊ အဲ့မှာလည်း မြန်မာနိုင်ငံ ပါနေတုန်းပဲ။ အဲ့ဒီအချိန်မှာ ကိုယ့်ရဲ့ ပရိုဂရမ် လူကြည့်များရေး၊ ကိုယ့် ရဲ့ လုပ်ငန်းကို လူစိတ်ဝင်စားရေး ဒါမျိုးကို ဦးတည်ပြီး လုပ်တဲ့ အခါကျတော့ ဒီလိုမလုပ်သင့် မလုပ်ထိုက်တာတွေကို လုပ်တာကတော့ ကျွန်မအမြင်ကတော့ လုံးဝကို ကန့်ကွက်ပါတယ်။ ဒါမျိုးကတော့ မဖြစ်သင့်ပါဘူး" ဟု ပြောသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ ယာယီဥက္ကဋ္ဌဖြစ်သူ ဒါရိုက်တာ ညီညီထွန်းလွင်က ထိုသရုပ်ပြမှုသည် ပြည်သူများအား အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ ကျန်းမာရေးနှင့် ပတ်သက်၍ ပြည်သူများအား အသိပညာပေးချင်တာ ဖြစ်သည်ဟု မဇ္ဈိမသို့ ပြောသည်။

ပုံ- ရွှေကြိုမောင်မယ် ရွေးချယ်ပွဲ ( ပုံ-me MRTV Entertainment)

"surprise ပေါ့၊ သူတို့က အဲ့ဒါကို ပညာပေး လုပ်ချင်တာလေ။ အဲ့လို လဲကျသွားတဲ့အခါမှာ ပြည်သူတွေအနေနဲ့ သတိထား ပြီး  ဆင်ခြင်ရမယ် ဘာညာပေါ့၊ ပြီးတော့မှ စောဖိုးခွား သီချင်းလေးနဲ့ လက်ကိုဆေးဖို့ ဘာဖို့ သီချင်း လေးနဲ့ အသိပညာ ပေးချင်တာပေါ့။ သူတို့တော့ surprise ဆိုတော့ တကယ်ဖြစ်သယောင်ပေါ့။ အဲ့ဒီမှာ ဒိုင်လူကြီးတွေ ရန်အောင်တို့၊ ထက်ထက်မိုးဦးတို့ကအစ လန့်သွားတာပေါ့။ အမှန်မှန်တော့ ရုပ်ရှင်သမား တွေဆိုတော့ ကိုမျိုးမင်းတို့က အဲ့လို လုပ်လိုက် တာ ပေါ့နော်။ နည်းနည်း သဘာဝကျကျ" ဟု ဆိုသည်။

ထို ဗွီဒီယို တင်ထားသည့် ပို့စ်အောက်တွင် "တစ်ကမ္ဘာလုံး တုန်လှုပ်နေတဲ့ အချိန်မှာ အခုလိုမျိုး မလုပ်သင့်ပါဘူး၊ ကာကွယ် ရမယ်လို့ ပညာပေးသွားတာ မဟုတ်ဘူးနော်၊ လူတွေကို အထိတ်တလန့် ဖြစ်အောင် လုပ်လိုက်တာ ရှုံ့ချတယ် တစ်ဖွဲ့လုံး ကို။ ဘာဖြစ်လို့ ထိုင်းကလာတဲ့ အစ်ကိုနဲ့ ထိတွေ့လို့ ဖြစ်တယ်လို့ ပြောရတာလဲ၊ ထိုင်းဆိုတဲ့ စကားလုံးက တစ်ဖက်ကို ထိ နေတယ်လို့ ခံစားရတယ်၊ တို့လည်း ထိုင်းမှာနေတာ" စသည့် မှတ်ချက်များနှင့် ပြစ်တင် ဝေဖန်ခံနေရသည်။

ထို့နောက် ဤဗွီဒီယိုထဲတွင် COVID-19 ရောဂါကြောင့် ပစ်လဲသွားသည့် အမျိုးသား၏ အစ်ကိုမှာ ထိုင်းမှ အောက်လမ်း (တရားမဝင်လမ်းကြောင်း)နှင့် ပြန်လာသည်ဟု ထည့်သွင်း ပြောခဲ့သည်။

ထိုသို့ ထည့်သွင်း ပြောခဲ့ခြင်းနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးအတွက် ကျား/မ တန်းတူရေးဆိုင်ရာ မဟာမိတ်အဖွဲ့မှ နန်းဖြူဖြူ လင်းက မပြောသင့်ဘူးဟု ဆိုသည်။

ပုံ- ရွှေကြိုမောင်မယ် ရွေးချယ်ပွဲမှာ COVID-19 ရောဂါဖြစ်ပွားမှု သရုပ်ပြနေ(ပုံ-me MRTV Entertainment)

"ကျွန်မတို့ လူမျိုးတွေက တစ်ခုခုဆို ချင့်ချိန် စဉ်းစားပြီးတော့ ယုံနိုင်တဲ့ ဉာဏ်ပညာ အားကောင်းရင်တော့ တစ်မျိုးပေါ့။ ဟိုး ခေတ် အဆက်ဆက်ကတည်းက ရုပ်ရှင် မင်းသား/မင်းသမီးတွေကို  TV ထဲမှာ ပါတာတွေကို လိုက်လုပ်နေတာ လိုက်ယုံ နေတာ။ ကိုယ်ပိုင် ဉာဏ်နဲ့ မစဉ်းစားနိုင်ဘူးဆိုရင်တော့ ဘယ်က ပြန်လာပြန်လာ ဒါမျိုး ဖြစ်လာနိုင်တယ်လို့ message ကို wrong message ပေးလိုက်သလို ဖြစ်သွားနိုင်တယ်" ဟု ဆိုသည်။

ရွှေကြိုမောင်မယ်ပွဲတွင် ဒိုင်အဖြစ် ပါဝင်သည့် အကယ်ဒမီ ရန်အောင်က သူ့အနေဖြင့် ယခုလို သရုပ်ပြမည့် ကိစ္စအား မသိကြောင်းနှင့် ထိုသို့ သရုပ်ပြနေချိန်တွင် ထိတ်လန့်သွားကြောင်း ပြောသည်။

"ကျွန်တော်က မသိဘူး၊ မသိဘူး။ အဲ့ဒီမှာ ထပြီးတော့ သွားပဲ ကူရမှာလား အဲ့လိုတောင် တွေးမိသွားတယ်။ နောက် တစ်မိနစ် ကျော်ကျော်လောက် ကြာတဲ့အခါမှာ နည်းနည်းလောက် ရိပ်မိသွားတာပေါ့။ ရိပ်မိသွားတယ်ဆိုတာက အောက်မှာ ရိုက်ကူးရေးအဖွဲ့က အေးအေးဆေးဆေးပဲ လုပ်နေကြတယ်။ ဒါသူတို့ ငါ့ကို surprise လုပ်တာလား မသိဘူးလို့ အိုက်တင် လုပ်တာလား မသိဘူးလို့ ကျွန်တော် တွေးမိသွားတယ်။ သူတို့ surprise လုပ်တယ်ဆိုတာက ဒီရောဂါ အကြောင်းကို ရွေးချယ် မိသွားတယ်ပေါ့။ ဒါပေမယ့် အဲ့ဒီလို ရွေးချယ်တာကလည်း သူတို့ surprise လုပ်ချင်တာကြောင့် ရွေးချယ် လိုက်တယ်လို့ မြင်ပါတယ်"ဟု ပြောသည်။

ပြည်သူများအား အထိတ်တလန့် ဖြစ်စေမည့် သတင်းအမှားများအား မဖြန့်ဝေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly