ကန်းထရီးဂီတဂန္တဝင်ကြီး Kenny Rogers အသက် ၈၁ နှစ်မှာ ကွယ်လွန်

ကန်းထရီးဂီတဂန္တဝင်ကြီး Kenny Rogers အသက် ၈၁ နှစ်မှာ ကွယ်လွန်
Photos: EPA & AFP

ဂီတလောကမှာ ဆယ်စုနှစ် ၆ စုလောက် ဖြတ်သန်းခဲ့တဲ့ကာလအတွင်း ကန်းထရီးဂီတအမျိုးအစားကို ခေတ်ရေစီးကြောင်းထဲ ရောက်အောင် ကူညီပေးခဲ့တဲ့ ကန်းထရီးဂီတဂန္တဝင်ကြီး Kenny Rogers ဟာ အသက် (၈၁)နှစ်မှာ ကွယ်လွန်သွားပြီလို့ သူ့မိသားစုက ကြေညာခဲ့ပါတယ်။

"The Gambler," "Lucille" နဲ့ စုံတွဲ သီဆိုထားတဲ့"Islands in the Stream" တို့လို သီချင်းတွေနဲ့ hit ဖြစ်ခဲ့တဲ့ ဂရမ်မီဆု (၃)ကြိမ်ရရှိခဲ့သူ ရော်ဂျာဟာ အမေရိကန်ဂီတမှာ ဖျောက်ဖျက်လို့ မရတဲ့ အမှတ်သားတစ်ခုအဖြစ် ထားရစ်ခဲ့ပါတယ်။

"ရော်ဂျာဟာ နေအိမ်မှာပဲ နာတာရှည်ပြုစုစောင့်ရှောက်မှုအောက်၊ သူ့မိသားစုတွေ ဝန်းရံပြုစုပြီး ငြိမ်းငြိမ်းချမ်းချမ်းပဲ ထွက်ခွာသွားခဲ့ပါပြီ။"လို့ မိသားစုဝင်တွေက သောကြာနေ့နှောင်းပိုင်းက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

မိသားစုဝင်တွေဟာ သူ့ရဲ့နာရေးကို "COVID-19 အရေးပေါ်အခြေအနေအတွက် စိုးရိမ်ပူပန်မှုကြောင့်" အကျယ်တဝင့် မလုပ်တော့ဘဲ မိသားစုနဲ့ အကျဉ်းချုံးပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

သူ့ရဲ့ မိတ်ဆွေရင်းဖြစ်တဲ့ Dolly Parton ကလည်း သူ့ရဲ့ တွစ်တာစာမျက်နှာထက်ကနေ ခုလို ရေးသား ဖော်ပြခဲ့ပါတယ်။

"ရှင်တို့ တစုံတယောက် ဘယ်လောက်ထိ ချစ်တယ်ဆိုတာကို သူတို့ ထွက်မသွားခင်အချိန်ထိ ဘယ်တော့မှ မသိနိုင်ပါဘူး။"

"ကျမနဲ့ မိတ်ဆွေ Kenny ဟာ အံ့အားသင့်စရာ အချိန်ပေါင်းများစွာ၊ နှစ်တွေများစွာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဂီတအားလုံးနဲ့ အောင်မြင်မှုအားလုံးထက် ကျမသူ့ကို ချစ်ခင်ပါတယ်။ တကယ့်ကို အံ့သြလောက်စရာ လူတယောက်၊ မိတ်ဆွေစစ်တယောက်ဖြစ်တာကြောင့်ပါပဲ။"

တက္ကဆက်ပြည်နယ်ဖွား ရော်ဂျာဟာ ဂီတခရီးလမ်းကို ၁၉၅၀ ပြည့်လွန်နှောင်းပိုင်းကာလတွေမှာ စတင်ခဲ့ပြီး ၁၉၇၈ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ သူ့ရဲ့ အယ်လ်ဘမ် "The Gambler" ဟာ နိုင်ငံတကာ hit ကြီးကြီးမားမား ဖြစ်ခဲ့ပါတယ်။ အယ်လ်ဘမ်ခေါင်းစဉ်ဟာ သူ့ရဲ့ အကျော်ကြားဆုံးတေးသီချင်းဖြစ်လာခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly