ကိုရိုနာဗိုင်းရပ်စ်ကို အချိန် ၄၅ မိနစ်အတွင်း အမြန်စမ်းသပ်နိုင်မည့် စနစ် FDA အတည်ပြု

ကိုရိုနာဗိုင်းရပ်စ်ကို အချိန် ၄၅ မိနစ်အတွင်း အမြန်စမ်းသပ်နိုင်မည့် စနစ် FDA အတည်ပြု

မတ် ၂၂။             ။ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိကို အချိန် ၄၅ မိနစ်ဝန်းကျင်အတွင်း အမြန် စမ်းသပ်သိရှိနိုင်မည့် ရောဂါဖော်ထုတ်မှု စမ်းသပ်မှုစနစ်တစ်ခုကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA) က တရားဝင် ခွင့်ပြုချက် ပေးလိုက်ကြောင်း အဆိုပါ စမ်းသပ်မှု၏ တီထွင်ဖန်တီးသူဖြစ်သည့် ကယ်လီဖိုးနီးယားအခြေစိုက် ရောဂါဖော်ထုတ်ရေး ကုမ္ပဏီ Cepheid က မတ်လ ၂၁ ရက်တွင် ပြောသည်။

ယခု စမ်းသပ်မှုစနစ် အရေးပေါ် အသုံးပြုရေး ခွင့်ပြုချက်တစ်ရပ်ကို FDA ဘက်က ထုတ်ပေးလိုက်ပြီ ဖြစ်ကြောင်း Cepheid က ထုတ်ပြန်ချက်တစ်စောင်  ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ကို ၄၅ မိနစ်အတွင်း အမြန် စစ်ဆေးစမ်းသပ်မှု စနစ်ကို အဓိကအားဖြင့် ဆေးရုံများ၊ အရေးပေါ် အခန်းများတွင် အသုံးပြုသွားစေမည်ဟု သိရသည်။

ထို့ပြင် လာမည့်အပတ်ထဲတွင် ယင်း စမ်းသပ်မှု စနစ် ကိရိယာများကို ဆေးရုံများသို့ စတင် ပို့ဆောင်ပေးရန် ကုမ္ပဏီဘက်က စီစဉ်ထားသည်ဟု သိရသည်။

လက်ရှိ လုပ်ဆောင်နေသော ဗိုင်းရပ်စ် စစ်ဆေးမှု စနစ်အရ ဆေးစစ်နမူနာများကို ဓာတ်ခွဲခန်းသို့ ပေးပို့နေရပြီး အဖြေရလဒ်သိရရန် ရက်ချီ ကြာမြင့်နိုင်သည်ဟု သိရသည်။

ယခု COVID-19 ဗိုင်းရပ်စ် ရှိမရှိ သိရရန် စမ်းသပ်မှုစနစ်ကို ကမ္ဘာတဝန်းရှိ Cepheid ၏ automated GeneXpert systems စက်ပေါင်း ၂၃,၀၀၀ တွင် လည်ပတ်အသုံးပြုနိုင်ရန် ဖန်တီးထားသည်ဟု ကုမ္ပဏီက ပြောသည်။

နောက်ထပ် အသေးစိတ်အချက်အလက်များကိုမူ ယင်းကုမ္ပဏီက ထပ်မံထုတ်ပြန်ခြင်း မရှိပေ။ထို့ပြင် ယခုစမ်းသပ်မှု၏ ကုန်ကျစရိတ် မည်မျှ ရှိသလဲ ဆိုသည်ကိုလည်း ကုမ္ပဏီဘက်က ပြောဆိုခြင်းမရှိပေ။

ယခု စနစ်များအရ အသုံးပြုသူများသည် စမ်းသပ်မှု ဆောင်ရွက်ရန် အထူးတလည် လေ့ကျင့်သင်ကြားစရာ မလိုဘဲ ၂၄ နာရီစလုံး ကောင်းကောင်း လည်ပတ်နိုင်သည်ဟု Cepheid ၏ ဥက္ကဌ Warren Kocmond က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required