အီတလီတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရပ်တန့်နိုင်ရန် အရေးမကြီးသည့် စက်ရုံအလုပ်ရုံများအားလုံးကို ပိတ်ထားမည်

အီတလီတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရပ်တန့်နိုင်ရန် အရေးမကြီးသည့် စက်ရုံအလုပ်ရုံများအားလုံးကို ပိတ်ထားမည်

မတ်လ ၂၂။                 ။ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်တားဆီးနိုင်ရန်အလို့ငှာ နိုင်ငံတဝန်းရှိ အရေးသိပ်မကြီးသည့် စက်ရုံအလုပ်ရုံ အားလုံးကို ပိတ်ထားရမည်ဟု အီတလီဝန်ကြီးချုပ် ဂူဆက်ပီ ကွန်တီက ကြေညာသွားခဲ့သည်။

“ နောက်ထပ် လုပ်ဆောင်ချက်တစ်ရပ် ထပ်လုပ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်၊ ဒါကတော့ နိုင်ငံမှာ မဖြစ်မနေ ထုတ်ဖို့ လိုအပ်တဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကလွဲလို့ သိပ်ပြီး အရေးမကြီးတဲ့၊ မရှိမဖြစ် ဆိုတာမျိုး မဟုတ်တဲ့ ထုတ်လုပ်မှုလုပ်ငန်းအားလုံး ပိတ်ထားဖို့ အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်” ဟု ကွန်တီက ဖေ့ဘွတ်ခ်ကနေ တဆင့် ပြည်သူများထံ ပြောကြားသည့် မိန့်ခွန်းတစ်ရပ်တွင် ပြောသွားခဲ့သည်။

“ ကျွန်တော်တို့က နိုင်ငံရဲ့ ထုတ်လုပ်မှု အင်ဂျင်ကို အရှိန်လျှော့ချတာပါ၊ ဒါကို ရပ်တန့်ပစ်တာမဟုတ်ပါဘူး” ဟု ကွန်တီက ပြောသွားသည်။

ထို့ပြင် ယခုဆုံးဖြတ်ချက်အရ ထိခိုက်မှု မရှိနိုင်သည့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု ထုတ်လုပ်မှုလမ်းကြောင်းများကို စာရင်း ပြုစုရန်အတွက်လည်း အစိုးရအနေဖြင့် သမဂ္ဂများ၊ စက်မှု အဖွဲ့အစည်းများနှင့် အတူ လက်တွဲ လုပ်ဆောင်ခဲ့သည်ဟု ကွန်တီက ပြောသည်။

တချိန်တည်းမှာပင် စူပါမားကတ်အားလုံး၊ ကုန်စုံဆိုင်များ၊ ဆေးဆိုင်များ၊ ဘဏ်များ၊ စာတိုက်များနှင့် အာမခံရုံးများကို ဆက်ဖွင့်ပေးထားမည်ဟု ကွန်တီက အတည်ပြုသည်။

ထို့ပြင် အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဲ့သို့ မရှိမဖြစ် လိုအပ်သည့် ဝန်ဆောင်မှုအားလုံးလည်း ဆက်လက် လည်ပတ်နေမည်ဟု သိရသည်။

အီတလီပြည်သူများ တည်တည်ငြိမ်ငြိမ် ဖြင့် ဆက်ရှိနေကြရန်လည်း ကွန်တီက တိုက်တွန်းသွားခဲ့သည်။

နိုင်ငံစီးပွားရေးကို ထောက်ကူနိုင်ရန်လည်း နောက်ထပ် လုပ်ဆောင်ချက်များ အစိုးရဘက်က ချမှတ်လုပ်ဆောင်မည်ဟု ကွန်တီက ပြောသွားခဲ့သည်။

ယင်းနိုင်ငံတွင် လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၅၀,၀၀၀ ကျော်နှင့် သေဆုံးသူ ၄,၈၀၀ ကျော် ရှိနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required