ကိုဗစ်-၁၉ ဂယက် သတ္တုတွင်းတွေကိုပါ ရိုက်ခတ်

ကိုဗစ်-၁၉ ဂယက် သတ္တုတွင်းတွေကိုပါ ရိုက်ခတ်
( ပုံ ) မော်ချီးကျေးရွာ အုပ်စု လိုခါးလို ကျေးရွာအတွင်းရှိ ကဘ ၃၂ တွင် အလုပ်သမားနှစ်ဦး မြေစာလှည်းတွန်းနေစဉ်။

မတ်လ ၂၁ ရက်၊ ၂၀၂၀ ခုနှစ်။            ။ ကိုရိုနာဗိုင်းရပ်စ်က ကယားပြည်နယ်က သတ္တုတွင်းများကိုလည်း ထိခိုက်လာသည်။ ယားပြည်နယ် မော်ချီးကျေးရွာ အုပ်စု လိုခါးလိုကျေးရွာရှိ သတ္တုတူးဖော်ရေး လုပ်ငန်း အချို့ရပ် နားထားရသည်။

လုပ်ကွက် ၇၀ ရှိသည့်အနက် လုပ်ငန်း ၃၀ တွင် လုပ်ငန်းများ ရပ်ဆိုင်းထားသည်ကို မဇ္ဈိမက လေ့လာတွေ့ရှိရသည်။    

လိုခါးလို ကျေးရွာအတွင်းရှိ ကဘ ၃၂ တွင် လုပ်ကွက်အများ ပိုင်ဆိုင်ထားသူတယောက် ဖြစ်သကဲ့သို့ ကျင်းဦးစီး ကော်မတီဝင်နဲ့ ကျေးရွာ ဥက္ကဋ္ဌလည်း ဖြစ်သူ စောအယ်ရီဒွေးက “ကျနော်တောင် အခု တဝက်လောက်နားပြီး ဆိုတော့ သကြန်အတောအတွင်း (COVID-19 ) ဒီရောဂါ ဆက်ဖြစ်နေမယ်ဆိုတော့ မိုးကျတာနဲ့တခါ တည်း လုပ်မည့်သူရှိမှာ မဟုတ်ဘူး။ ဝယ်မည့်သူလည်း မရှိဘူး။ အခုလိုက် ဝယ်နေတဲ့သူ တောင်မှ ဈေးနည်းနည်းနဲ့ အများကြီးလိုက်မဝယ်ရဲဘူး။”ဟု ပြောသည်။

မော်ချီးဒေသမှ ထွက်သမျှ ခဲမဖြူ အဖြိက်နက်တွေကို တရုတ် လုပ်ငန်းရှင်များကသာ အဓိက ဝယ်ယူနေခဲ့သာဖြစ်သည်။  

ယခင်က ခဲသန့် တပိဿာကို မြန်မာ ကျပ်ငွေ ၂၀၀၀၀  အထိရပြီး လတ်တလောအချိန်မှာတော့ ခဲသန့် တပိဿာကို မြန်မာ ကျပ်ငွေ ၁၂၀၀၀ အထိသာ ဈေးပေါက်သည်။

 “ခဲ ( သတ္တု ) ရတာနဲ့ စားစရိတ်ဟာ မမျှဘူးလေ၊ မမျှတဲ့ အတွက် ကြောင့် လုပ်ငန်းခွင် တော်တော်နားပြီး ၁၀ ယောက်ဆိုရင် ငါး ယောက်လောက် နား၊ နောက်တစ်လ ဆိုရင် ထပ်နားဖို့ ရှိသေးတယ်။”လို့ စောအယ်ရီဒွေးက ပြောသည်။

သို့သော် မော်ချီးဒေသ သတ္တုတွင်း လုပ်ငန်းနှင့် ပတ်သက်သော တရုတ်လုပ် ငန်းရှင်များကိုတော့ မိုလိုချောင်းထဲတွင် ယခုလ ၁၉ ရက်နေ့က ပုံမှန်အတိုင်း လုပ်ကိုင် နေတာကို မဇ္ဈိမက တွေ့ခဲ့ရသည်။

( ပုံ - ၁ ) မော်ချီးကျေးရွာ အုပ်စု လိုခါးလို ကျေးရွာအတွင်းရှိ ကဘ ၃၂ တွင် မြေစာအိတ် ထမ်းနေသော အလုပ်သမား နှစ်ဦးကို တွေ့ရစဉ်။

တချိန်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ် COVID-19) ရောဂါကူးစက်ခံရခြင်းမှ ကာကွယ် နိုင်ရန် ထိုင်းနှင့် ကယားပြည်နယ်တို့၏ ထိစပ်နေသော နယ်မြေများရှိ နယ်စပ်ဂိတ်များတွင် "မလိုလားအပ်တဲ့ ခရီးသွားလာ နေတဲ့သူတွေကို" တားမြစ်သွားမည်ဟု ကရင်နီအမျိုးသား တိုးတက် ရေးပါတီ ( ကေအန် ပီပီ ) အဖွဲ့က မတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။

အမိန့်စာထုတ်ပြန်သည့်နေ့မှစ၍ သေရေးရှင်ရေး ကိစ္စနှင့် လုပ်ငန်းတာဝန်ဖြင့် ခရီးသွား လာရန် လိုအပ်သူများမှအပ နယ်စပ်ဒေသ ဝင်ပေါက်များမှ ခရီးသွားလာခြင်းကိုကန့်သတ် လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသား ထားသည်။

ထိုင်း-ကယား နယ်စပ်ရှိ ကေအန်ပီပီနှင့် ဒေသခံများ အဓိက ဝင်ထွက်သွားလာနေသည့် နယ်မြေများမှာ ရှားတောမြို့ နယ်ရှိ BP 9 ၊ မယ့်စဲမြို့နယ် BP 13 နှင့် ရွာသစ်မြို့နယ် ဟွေ့ပုံ လောင်းတို့ ဖြစ်သည်။

ထိုင်းတွင်ရှိသော ကရင်နီ ဒုက္ခသည်စခန်းနှင့် နယ်စပ်များတွင် နေထိုင်ကြသူများအနေဖြင့်  မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မိမိနေထိုင်ရာသို့ အရောက်ပြန်လာဖို့ အသိ ပေးကြေညာထားသလို နယ်စပ်တွင် ပြေးဆွဲ နေသည့် လိုင်းကားများကိုလည်း ဧပြီလ ၁ ရက်နေ့မှ စတင်ပြီးတော့ လကုန်အထိ ခရီးစဉ်များ ရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ထားသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required