ကချင်တိုက်ပွဲရှောင်စခန်းများအတွက် သောက်သုံးရေနှင့် COVID- 19 ကာကွယ်ရေးပစ္စည်းများ အရေးပေါ် လို အပ်နေ

ကချင်တိုက်ပွဲရှောင်စခန်းများအတွက် သောက်သုံးရေနှင့် COVID- 19 ကာကွယ်ရေးပစ္စည်းများ အရေးပေါ် လို အပ်နေ
ဓာတ်ပုံ- ခလမ်ဆမ်ဆွန်(  FB )

မတ်လ ၂၁။             ။ ကချင်ပြည်နယ်က တိုက်ပွဲရှောင်စခန်းများအတွက် သောက်သုံးရေနှင့် ကိုရိုနာဗိုင်းရပ်စ်(COVID- 19) ကာကွယ်ရေးပစ္စည်းများအရေးပေါ်လိုအပ်နေကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)၏ တိုက်ပွဲ ရှောင်စခန်းတာဝန်ရှိသူက ပြောကြားသည်။

ကျန်းမာရေးဌာနက ကိုရိုနာဗိုင်းရပ်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင် ပေးနေ သော်လည်း ဆေးဝါးနှင့် ကာကွယ်ရေးအထောက်အပံ့ပစ္စည်းများ လာရောက်ထောက်ပံ့ပေးခြင်း မရှိကြောင်း မိုင်းနား (KBC) တိုက်ပွဲရှောင်စခန်း ဒုတာဝန်ခံ ကိုဘရန်မိုင်က ပြောသည်။

“ကာကွယ်ရေးအတွက်ပစ္စည်းတွေထောက်ပံ့ပေးတာမျိုး အဲလိုမျိုးလည်းမရှိဘူး။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တော့ မြို့နယ်ကျန်းမာရေးဌာနက အမြင်ဖွင့်သင်တန်း နေ့တစ်ဝက်လာလုပ်တယ်။ အဲဒါပဲရှိတယ်။ ဒါပေမယ့် တစ်ခြားပစ္စည်းတွေ လာဝေတာမျိုး အဲဒါမျိုးမရှိဘူး။” ဟု တိုက်ပွဲရှောင်စခန်း ဒုတာဝန်ခံ ကိုဘရန်မိုင်က ပြော သည်။

ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်ပြီး တိုက်ပွဲရှောင်စခန်းများတွင် ကျန်းမာရေးစစ်ဆေးမှုများလည်း အားနည်းနေ သည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုအနြေဖင့် အစိုးရကဖွင့်လှစ်ပေးထားသည့် ဆေးခန်း သည်ပင် ဆရာ၊ဆရာမများက ပုံမှန်လာရောက်ခြင်းမရှိကြောင်းလည်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ ကျန်းမာရေးစောင့်ရှောက်မှုက ပိုပြီးလုပ်တာမရှိပါဘူး။ ကျန်းမာရေးက အစိုးရက လာဖွင့်ပေးထား တဲ့ ဆေးခန်းတောင် ဆရာမတွေလာတစ်ခေါက်၊ မလာတစ်ခေါက်ရယ်။ အဲဒီလိုဖြစ်နေတယ်။”  ဟု ကိုဘရန် မိုင်က ပြောသည်။

ဓာတ်ပုံ- ခလမ်ဆမ်ဆွန်(  FB )

အဆိုပါ KBC မိုင်းနားတိုက်ပွဲရှောင်စခန်း၌ ကျေးရွာ ၄၉ရွာမှ  လူဦးရေ ၂၈၀၀ကျော်နေထိုင်ပြီး လက်တလောအ ခြေအနေအရ ဖျားနာမှုမရှိကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲရှောင်စခန်းများ၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အသင်းတော်များမှတစ်ဆင့် တိုက်ပွဲရှောင်ဒေသခံများကို လူစုလူဝေးမလုပ်ရန်၊ သင်တန်းများမပြုလုပ်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်းနေထိုင်ရန် ပြောကြားထားကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) မှ ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။

“ကျန်းမာရေးက ညွှန်ကြားထားတဲ့ လိုက်နာနည်းတွေ အတိုင်း လိုက်နာပြီး နေကြပါတယ်။ နဂိုပို့နေတဲ့ အတိုင်း ပဲ။ ထောက်ပံ့နေတာရှိပါတယ်။ အခုတော့ရောဂါမဖြစ်ဖို့ကြိုတင်ကာကွယ်တာပဲရှိပါတယ်။ လက်သန့်ဆေးရည် နဲ့ Mask တွေတော့ ထောက်ပံပေးထားတာမရှိသေးပါဘူး။ စုပေါင်းပြီးကာကွယ်နေတာပဲ ရှိပါတယ်။ ထူးထူးခြား ခြားဆောင်ရွက်နေတာတော့မရှိပါဘူး။ ထောက်ပံ့ရေးပစ္စည်းတွေက လိုတော့လိုတာပေါ့။ ကျွန်တော်တို့လည်း အဲဒီအတွက်ဆောင်ရွက်ရဦးမှာပါ။” ဟု ဒေါက်တာခလမ်ဆမ်ဆွန်က ဆိုသည်။

ထို့ပြင် မိုင်းနားတိုက်ပွဲရှောင်စခန်းတွင် ရေလုံလောက်မှုမရှိဘဲ ရရှိသည့်ရေသည်လည်း သန့်ရှင်းမှုမရှိကြောင်း လည်း ဂါးရာယန်ရွာမှ ဒေါ်ဂျာနူးက ပြောသည်။

“ရေကအဆင်မပြေဘူး။ မနက်လေးနာရီလောက်ထခပ်ရတယ်။ နေ့လည်နဲ့ ညနေဆိုရေခပ်လို့မရတော့ဘူး။ တစ်ချို့တွင်းတွေဆိုရင် ရေအရမ်းခမ်းနေပြီ။ အရမ်းခပ်တော့ ရေမလှဘူးလေ။ နောက်နေတယ်။” ဟု ဒေါ်ဂျာနူးက ဆိုသည်။

တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့( KIO/ KIA) တို့အကြား ၂၀၁၁ခုနှစ်က စတင်ခဲ့သည့် တစ်ကျော့ပြန် တိုက်ပွဲများကြောင့် ကချင်၊ ရှမ်းမြောက် တိုက်ပွဲရှောင်စခန်း ၁၆၉ ခုတွင် နေထိုင်သူ တိုက်ပွဲရှောင်ဒုက္ခသည် တစ်သိန်း ၇သောင်း နီးပါးရှိသည်။

အဆိုပါ တိုက်ပွဲရှောင်များထဲမှ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ၏ ဦးစီးမှုအောက်တွင်ရှိသော  တိုက်ပွဲရှောင်စခန်း ၇၀ကျော်တွင် တိုက်ပွဲရှောင်ဒုက္ခသည် ၈သောင်းနီးပါးနေထိုင်လျှက် ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly