ကွတ်ခိုင်မြို့နယ်တွင် လူသုံးဦး ရုတ်တရက်လဲကျသေဆုံးမှု တပ်မတော်အပါအဝင် ကျန်းမာရေးဝန်ထမ်းများ သွားရောက် စစ်ဆေးနေ

ကွတ်ခိုင်မြို့နယ်တွင် လူသုံးဦး ရုတ်တရက်လဲကျသေဆုံးမှု တပ်မတော်အပါအဝင် ကျန်းမာရေးဝန်ထမ်းများ သွားရောက် စစ်ဆေးနေ
Photo  - AFP

မတ် ၂၁ရက်။               ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့နယ်၊ဒွန်လုံးကျေးရွာတွင် လူသုံးဦး ရုတ်တရက်လဲကျသေဆုံးသွားသည့် သတင်းနှင့် ပတ်သက်ပြီး တပ်မတော်အပါအဝင် ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့် လူမှုကူညီရေးအသင်းတို့မှ အဆိုပါကျေးရွာသို့ သွားရောက်စစ်ဆေးနေကြောင်း ရှမ်းပြည်နယ် မြောက် ပိုင်း၊ပြည်နယ်ကျန်းမာရေးဦးစီးဌာန သိရသည်။

မတ်လ ၂၀ရက် နံနက်ပိုင်းက ဒွန်လုံးကျေးရွာတွင် လူသုံးဦး ရုတ်တရက်လဲကျသေဆုံးခဲ့ကြောင်း အနီးအနား ရွာမှ အကြောင်းကြားသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ညတွင်းချင်း သွားရောက်စစ်ဆေးနေ ခြင်းဖြစ်ကြောင်း သိရသည်။

“ ကျန်းမာရေးကအဖွဲ့တွေရော၊ တပ်မတော်ကအဖွဲ့တွေရော၊ ထွေအုပ်အဖွဲ့တွေရော မနေ့ကတည်းက သွား တာ။အဲဒီဖြစ်တယ်ဆိုတဲ့ရွာကိုတောင် မရောက်သေးပါဘူး။ ရွာကအဝေးကြီးသွားရမှာ။ မုံးဆင်း၊မာန်တပ် ကနေ လမ်းလျှောက်ပြီးတော့ သွားရမှာ။ ငါးနာရီလမ်းလျှောက်ရမှာဆိုတော့ ညနေလောက်မှပဲ အဲဒီရွာကို ရောက် မယ်။ ဖုန်းလည်းဆက်လို့မရဘူးဆိုတော့ အခြေအနေအမှန်ကို မသိရသေးဘူး။” ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွှန့်က မဇ္စျိမသို့ပြောသည်။

ဖြစ်စဉ်ဖြစ်ပွားသည့် အနီးဆုံးရွာသို့ သွားရောက်စစ်ဆေးသည့်အဖွဲ့များကို ပြည်နယ်ကျန်းမာရေးဦးစီးဌာနက လက်ရှိတွင် ဆက်သွယ်မေးမြန်းမှုများပြုလုပ်ေနသော်လည်း ဆက်သွယ်မှုအခက်အခဲကြောင့် အခြေအနေမှန်ကို မသိရသေးကြောင်း၊နံနက် ၁၁နာရီအကျော်အထိ ဖြစ်စဉ်အတိအကျကို မသိရသေးကြောင်းနှင့် သွားလာရေး ခက်ခဲမှုကြောင့် အခြေအနေမှန်ကို မတ်လ ၂၁ရက်ညပိုင်းမှသာ အတည်ပြုနိုင်မည်ဖြစ်ပြီး ကျေးရွာများမှ သတင်း ပေးခြင်းကြောင့် သွားရောက်စစ်ဆေးနေခြင်းဖြစ်ကြောင်းဒေါက်တာတင် မောင်ညွှန့်က  ပြောသည်။

အဆိုပါ လဲကျသေဆုံးသူ သုံးဦးမှာ တရုတ်နိုင်ငံတွင်အလုပ်လုပ်ကိုင်ပြီး ပြန်လာကြသူများဖြစ်ကြောင်း အတည်မပြုနိုင်သည့် သတင်းများအရသိရသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့တွင် တရုတ်နိုင်ငံမှပြန်လာသည့် အသက် ၂၀အရွယ် အမျိုးသား တစ်ဦးမှာလည်း COVID - 19 လက္ခဏများတွေ့ရှိရသဖြင့် သီပေါပြည်သူ့ဆေးရုံကြီးတွင် သီးခြားကုသမှုပေးခဲ့ရာ လက်ရှိတွင် ၎င်းလူနာမှာ COVID - 19 ပိုးမတွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

မတ်လ ၂၁ရက်အထိ ကမ္ဘာ့ကျန်းမာရေးရေးအဖွဲ့ဝင် ၁၉၄ နိုင်ငံအနက် ၁၇၇ နိုင်ငံတွင် COVID - 19 ရောဂါဖြစ် ပွားမှုရှိနေပြီး သေဆုံးသူ ၁၀၀၀၀ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required