ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းများကို မလိုက်နာခြင်းကြောင့် မလေးရှားမှာ စစ်တပ် ဖြန့်ကြက်မည်

ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းများကို မလိုက်နာခြင်းကြောင့် မလေးရှားမှာ စစ်တပ် ဖြန့်ကြက်မည်

မတ်လ ၂၁။         ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ဟန့်တားနိုင်ရေးအတွက် မလေးရှားနိုင်ငံမှာ ပြည်သူတွေကို အိမ်မှာပဲ နေရန် ညွှန်ကြားထားပြီး စီးပွားရေးလုပ်ငန်းအများစုကို ပိတ်ခိုင်းထားတာနဲ့အတူ တင်းကြပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ပြဌာန်းထားတာကြောင့် ဗလီတွေမှာ လူသူကင်းမဲ့နေပြီး တိတ်ဆိတ်လျက် ရှိနေပါတယ်။

ဒါပေမယ့် လူအများစုဟာ သီးခြားစီ ခွဲနေရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတာကြောင့် ရဲတပ်ဖွဲ့ကို ကူညီအားဖြည့်ပြီး စစ်တပ်ပါ ဖြန့်ကြက်လို့ စည်းကမ်းထိန်းသိမ်းသွားမယ်လို့ ကာကွယ်ရေး ဝန်ကြီးက သောကြာနေ့မှာ ပြောပါတယ်။

ပြည်ပကို ခရီးထွက်ခွာပြီး ပြန်လာကြတဲ့ မလေးရှားနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ပိတ်ထားသလို ပြည်သူများကိုလည်း အိမ်ထဲမှာပဲ နေကြရန် ညွှန်ကြားထားပြီး စာသင်ကျောင်းတွေအားလုံးနဲ့ စီးပွားရေးလုပ်ငန်းတွေ အများအပြားလည်း ပိတ်ထားပါတယ်။

ဒါပေမယ့် အခု သီတင်းပတ်မှာ စတင်ပြဌာန်းတဲ့ ဒီ စည်းမျဉ်းစည်းကမ်းတွေကို ပြည်သူတစ်ချို့က မလိုက်နာကြဘဲ ပန်းခြံတွေထဲ လမ်းလျှောက်တာ၊ အပြင်ထွက်လည် အစားအစာ စားသောက်ကြတာတွေ ရှိနေပါတယ်။

စည်းမျဉ်းစည်းကမ်းတွေကို ရဲတပ်ဖွဲ့က ကြပ်ကြပ်မတ်မတ် အရေးယူဆောင်ရွက်နေပေမယ့်လည်း တနင်္ဂနွေနေ့ကစပြီး စစ်တပ်ပါ အားဖြည့်မယ်လို့ ကာကွယ်ရေးဝန်ကြီး အစ္စမေးဆာဘရီက ပြောပါတယ်။

“စစ်တပ်ရဲ့ အကူအညီနဲ့ စည်းကမ်းလိုက်နာလာစေမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ခုချိန်ထိ အစိုးရရဲ့ အမိန့်တွေကို ဂရုမစိုက်သူတွေ တော်တော်များများ ရှိနေတယ်။”လို့ ၎င်းက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ လက်ရှိအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၉၀၀ ရှိနေပြီး အရှေ့တောင်အာရှမှာ အမြင့်မားဆုံး ကူးစက်မှုပဲ ဖြစ်ပါတယ်။

ဒီလအစက ကွာလာလမ်ပူနားက အစ္စလာမ္မစ်ဘာသာရေး စုရုံးပွဲတစ်ရပ်ကနေ အများဆုံး ကူးစက်ခဲ့ပြီးနောက်မှာ ခုလို စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြာင့် မလေးရှားမှာ လူနှစ်ဦး သေဆုံးပြီ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required