ကိုရိုနာဗိုင်းရပ်စ်အရေး ဦးဆုံး ဖော်ထုတ်ပြောဆိုခဲ့သည့် ဆရာဝန်အား ကွယ်လွန်ပြီး တစ်လကျော်၌ တရုတ်အစိုးရ တရားဝင် တောင်းပန်

ကိုရိုနာဗိုင်းရပ်စ်အရေး ဦးဆုံး ဖော်ထုတ်ပြောဆိုခဲ့သည့် ဆရာဝန်အား ကွယ်လွန်ပြီး တစ်လကျော်၌ တရုတ်အစိုးရ တရားဝင် တောင်းပန်

မတ်လ ၂၁။                ။ ကိုရိုနာဗိုင်းရပ်စ်၏ ခြိမ်းခြောက်မှုကို ပထမဆုံး သတိပေးသူများတွင် အပါအဝင်ဖြစ်ပြီး ရဲတပ်ဖွဲ့၏ ခေါ်ယူသတိပေးခြင်းကိုသာ ခံခဲ့ရသည့် ဆရာဝန် လီဝန်လျန်သည် သူ သေဆုံးပြီး သီတင်းခြောက် ပတ်ကြာမှ တရားမျှတမှုကို နောက်ဆုံးတွင် ရရှိသည်။

ဇန်နဝါရီလ အစောပိုင်းက ဟွာနန်ပင်လယ်အစားအစာဈေးတွင် ဗိုင်းရပ်စ်ဆန်းတစ်မျိုး ပေါ်ပေါက်နေသည်ဟု သတိပေးသည့် လီဝန်လျန်အပါအဝင် ဆရာဝန်ရှစ်ဦးကို ဝူဟန်မြို့ ရဲတပ်ဖွဲ့က ကောလဟလဖြန့်သည်ဆိုကာ သမ္မန်ဆင့်ခေါ် ခံခဲ့ရသည်။

အသက် ၃၄ နှစ်အရွယ် မျက်စိကုသမှု ပညာရှင် လီဝန်လျန်သည် ဒီဇင်ဘာ ၃၀ ရက်က WeChat တွင် ပို့စ်တင်ပြီး အဆိုပါ ပင်လယ်စာဈေးမှ လူနာခုနစ်ဦးတွင် SARS ကဲ့သို့ ရောဂါလက္ခဏာများ ပြ၍ ကြိုတင်သတိထား ကြရန်နှင့် အကာအကွယ်များ ဝတ်ဆင်ရန် ဆေးကျောင်းမှ မိတ်ဆွေကျောင်းသားဟောင်းများကို သတိပေးခဲ့ခြင်း ဖြစ်သည်။

ရဲဌာန၏ သမ္မန် ဆင့်ခေါ်ခံရပြီးနောက် လီဝန်လျန်သည် ရဲတပ်ဖွဲ့၏ အကြံပြုချက်အား လိုက်နာမည်နှင့် ဥပဒေဘောင်မဝင်သော ၎င်း၏ အပြုအမူများကို ရပ်တန့်ပါမည်ဟု ဝန်ခံချက် လက်မှတ်ရေးထိုးခဲ့ရခြင်း ဖြစ်သည်။

ထိုနောက် တစ်လကျော်အကြာတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ရာပေါင်းများစွာ သေဆုံးပြီး လီလည်း ကူးစက်ခံရကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

လီဝန်လျန် သေဆုံးခြင်းကြောင့် တရုတ်နိုင်ငံတွင် ရှားရှားပါးပါးအဖြစ် ပြည်သူများက ဝမ်းနည်းစိတ်မကောင်းဖြစ်ကြသကဲ့သို့ အစိုးရကိုလည်း ဝေဖန်ပြောဆိုခဲ့ကြသည်။ စိတ်မကောင်း ဒေါသဖြစ်မှုများ မြင့်တက်လာကာ လူအုပ်စုငယ်တစ်စုက လီ၏ ဆေးရုံအပြင်ဖက်တွင် စုရုံးကာ ပန်းစည်းများ ချကြကာ ရောဂါခြေချုပ်ဖြင့် နေထိုင်ရသည့် ဝူဟန်ဒေသခံများကလည်း အိမ်တိုက်ခန်း ပြတင်းပေါက်များမှ ဝီစီများ မှုတ်ခဲ့ကြသည်။

ထိုသို့ လူထု၏ အစိုးရအပေါ် ဒေါသကြီးထွားလာခြင်းကြောင့် လီဝန်လျန် သေဆုံးပြီး ရက်အတန်ကြာတွင် အမျိုးသား ကြီးကြပ်ရေးကော်မရှင်က လီဝန်လျန်၏ ကိစ္စကို စုံစမ်းစစ်ဆေးလာရသည်။

စုံစမ်းစစ်ဆေးမှု၏ ရလဒ်ကို ကြာသပတေးနေ့က ကြေညာရာ အစိုးရက လီဝန်လျန်သည် ရဲရဲဝင့်ဝင့် လုပ်ကိုင်ဆောင်ရွက်ခဲ့သူဖြစ်ပြီး ရဲတပ်ဖွဲ့က ၎င်းအား အပြစ်ပေးခြင်းဖြင့် မလျော်မကန် ပြုမှုခဲ့သည်ဟု ကြေညာချက် ထုတ် ခဲ့သည်။ ဒေသအာဏာပိုင်များအနေဖြင့် ယင်းအရေးကိစ္စကို ပြန်လည်စိစစ်ပြင်ဆင်သင့်ကြောင်းလည်း ဆိုထားသည်။

ဝူဟန်ရဲတပ်ဖွဲ့ကလည်း လီ၏ ခံဝန်ကို ပယ်ဖျက်ပြီး တာဝန်ရှိသူနှစ်ဦးကိုလည်း စည်းကမ်းအရ အပြစ်ပေးကာ လီဝန်လျန်၏ မိသားစုကိုလည်း တောင်းပန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required