တရုတ်တွင် ကိုရိုနာမှ ပြန်လည်ကျန်းမာလာသည့် လူနာတစ်ဦး ဆေးရုံမှ ဆင်းပြီး ငါးရက်မြောက်တွင် သေဆုံး

တရုတ်တွင် ကိုရိုနာမှ ပြန်လည်ကျန်းမာလာသည့် လူနာတစ်ဦး ဆေးရုံမှ ဆင်းပြီး ငါးရက်မြောက်တွင် သေဆုံး

မတ်လ ၂၁။            ။ တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် တည်ဆောက်ထားသော ယာယီဆေးရုံတစ်တွင် ပြန်လည်ကျန်းမာလာသော အသက် ၃၆ နှစ်အရွယ် လူနာတစ်ဦးသည် ဆေးရုံမှ ဆင်းပြီး ငါးရက်အကြာတွင် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ပျက်စီးမှုဖြစ်ပြီး သေဆုံးကြောင်း ရှန်ဟိုင်းအခြေစိုက် The Paper သတင်းအရ သိရသည်။

နောက်ပိုင်းတွင် ပြန်လည်ပယ်ဖျက်သည့် ယင်းသတင်းအရ လီလျန်ဆိုသူ COVID-19 ရောဂါလက္ခဏာ မပြင်းထန်သူများကို ကုသရန် တည်ဆောက်ထားသည့် ဆေးရုံသို့ ဖေဖော်ဝါရီ ၁၂ ရက်က တက်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်း၏ ဇနီးဖြစ်သူ မီက ပြောကြောင်း ဖော်ပြထားသည်။

သီတင်းနှစ်ပတ်အကြာ၌ ၎င်းသည် ဟိုတယ်တွင် ၁၄ ရက်ကြာ ရောဂါခြေချုပ်ဖြင့် နေထိုင်ရန် ညွှန်ကြားချက်ဖြင့် ဆေးရုံမှ ဆင်းခဲ့ခြင်း ဖြစ်သည်။

ဇနီးသည် မီ၏ အဆိုအရ ၎င်း၏ ခင်ပွန်းသည် ဆေးရုံမှ ဆင်းပြီး နှစ်ရက်မြောက်တွင် ခံတွင်း ခြောက်သွေ့ခြင်းနှင့် အစာအိမ် လေပွခြင်းများ ခံစားရကာ မကျန်းမမာ ဖြစ်လာသည်ဟု ဆိုသည်။ မတ် ၂ ရက်တွင် လီလျန်က ၎င်း ဖျားနာလာနေကြောင်း ပြောသဖြင့် ဆေးရုံသို့ ပို့ရာ ယင်းနေ့ နေ့လယ်ပိုင်းမှာပင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

လီလျန်သည် COVID-19 ရောဂါဖြစ်ပြီး အသက်ရှူလမ်းကြောင်း ပိတ်ဆို့ပျက်စီးကာ သေဆုံးခြင်းဖြစ်ကြောင်း ဝူဟန်ကျန်းမာရေးကော်မရှင်က ထုတ်ပေးသည့် သေဆုံးကြောင်း အတည်ပြုချက်တွင် ဖော်ပြထားသည်။

ဝူဟန်မှ ယာယီဆေးရုံများမှ တစ်ခုဖြစ်သည့် ဖန်ကန့်ဆေးရုံသည် ဗုဒ္ဓဟူးနေ့က အရေးပေါ် ကြေညာစာ ထုတ်ခဲ့ကြောင်း၊ ယင်းကြေညာစာတွင် ဆေးရုံမှ ဆင်းသွားသော လူနာအများစု ပြန်လည်မကျန်းမမာ ဖြစ်လာ၍ ပြန်လည်ဆေးရုံတက်ရောက်ကြကြောင်း The Paper သတင်းက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly