မွန်ပြည်နယ်အတွင်း COVID-19 ကာကွယ်ရေး အစီအစဉ်လုပ်ပေးရန် အစိုးရထံ မွန်အမတ် စာပို့

မွန်ပြည်နယ်အတွင်း COVID-19 ကာကွယ်ရေး အစီအစဉ်လုပ်ပေးရန် အစိုးရထံ မွန်အမတ် စာပို့
ပုံ - မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးကို တွေ့ရစဉ်။

ရန်ကုန်၊ မတ် ၂ဝ။             ။ မွန်ပြည်နယ် ပြင်ပနှင့် အိမ်နီးချင်း နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသူများ သင်္ကြန်တွင်း ကာလအတွင်း နေရပ် ပြန်လာကြနိုင်သည့်အတွက် မွန်ပြည်နယ်၌ COVID-19 ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး ထိရောက်လုံလောက် သော အစီအမံများ ဆောင်ရွက်ပေးရန် မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်သီတာထွန်းက ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံသို့ စာပို့ တင်ပြ ထားကြောင်း ပြောသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံ COVID-19 ရောဂါ ကာကွယ်နိုင်ရေး စာပို့ခဲ့သည်မှာ မတ်လ ၂၀ ရက်က ဒုဝန်ကြီးလာသည့်အခါမှာ တစ်ခါတည်း ထည့်ပေးလိုက်ခြင်းဖြစ် သည်ဟု ၎င်းက ပြော သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်သီတာထွန်းက “ဒီနေ့ ဒုဝန်ကြီးလာတဲ့အတွက် ဒုဝန်ကြီးလက်ထဲကို စာထည့် ပေးလိုက်တာပါ။ အဓိကကတော့ ကျန်းမာရေး အသိပညာပေးဖို့လည်း လိုအပ်တယ်၊ လုပ်တော့ လုပ်နေပါတယ်။ ကျွန်မတို့ သံဖြူဇရပ်မှာ ဖေဖော်ဝါရီလ လောက်တည်းက လက်ကမ်းစာစောင် ဝေတာတွေ လုပ်ပါတယ်။ ဒါပေမယ့် အခုအချိန်က နည်းနည်းပိုပြီး သတိထားရမယ်။ ဒီအချိန်က သင်္ကြန်မတိုင်ခင်လေးဆိုရင် ထိုင်းနိုင်ငံနဲ့ တခြားနိုင်ငံတွေမှာ သွားအလုပ် လုပ်တဲ့ သူတွေ ပြန်လာတယ်။ ကျွန်မတို့နယ်ကို ကိုယ့်ရပ်ကိုယ့်ဇာတိကို ပြန်လာကြတဲ့ သူများတဲ့အတွက် နည်းနည်းပိုပြီး သတိထားရမယ်။ ပညာပေးအပိုင်းရော၊ ကျန်တဲ့ ပြင်ဆင် မှုပိုင်းတွေ လုပ်ဖို့လိုအပ်နေပြီ”ဟု ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံ ပေးပို့သည့်စာထဲတွင် သံဖြူဇရပ်မြို့နယ်၌ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် PPE ဝတ်စုံများနှင့် တခြား လိုအပ်သော ပစ္စည်းများ လုံလောက် စိတ်ချ ရသော အခြေ အနေ မရှိသောကြောင့် သံဖြူဇရပ်မြို့နယ် အပါအဝင် မွန်ပြည်နယ် အတွင်းရှိ ဆေးရုံများတွင် ကြိုတင် ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် လုံလောက်ထိရောက်သော အစီအမံများ လုပ်ဆောင်နိုင်ရန်နှင့် လိုအပ်သော ကျန်းမာရေး ပစ္စည်းများကို ကူညီထောက်ပံ့ပေးရန် တောင်းဆိုထားသည်ဟု သိရသည်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယဦးစီးဌာနမှူး ဒေါက်တာဝတ်မှုံက “ကာကွယ်ရေး ပစ္စည်းကတော့ အများ နည်းတူ လိုအပ်တာပေါ့၊ အစ်မတို့ကတော့ ပြည်နယ်အစိုးရအဖွဲ့ကိုလည်း တတ်နိုင်သလောက် ထောက်ပံ့ပေးဖို့၊ ပြောထား တယ်၊ PPE တွေလည်း ရဖို့ ရှိပါတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးဝန်ကြီးဌာနကိုလည်း တောင်းခံထားပါတယ်၊ နိုင်ငံခြားက ပြန် လာတဲ့ မြန်မာနိုင်ငံသားတွေကို ၁၄ ရက်ထား စောင့်ကြည့်ဖို့ သထုံမှာ လည်း ပြင်ထားတယ်။ မော်လမြိုင်မှာ တစ်နေရာ ပြင် ထားတယ်၊ မော်လမြိုင်က မသုံးရသေးတဲ့ ဆေးရုံအသစ်ကို ပြင်ထားတယ်။ ဒီနေ့ပဲ သံဖြူဇရပ်ဆေးရုံရဲ့ အဆောင်တစ်ခုမှာ သီးသန့်ပြင်ထားတယ်။ ထပ်များလာရင် အားကစားရုံတို့၊ တခြား အဆောက်အအုံတွေကို လျာထားပါတယ်” ဟု ပြော သည်။

မြန်မာနိုင်ငံမှ သွားရောက် အလုပ်လုပ်ကိုင်မှု များပြားနေသည့် စင်္ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် COVID-19 ရောဂါ ကူးစက်ခံမှုနှင့် သေဆုံးမှုများ ဖြစ်ပွားနေသောကြောင့် COVID-19 ဖြစ်ပွားရာ နိုင်ငံများရှိ မြန်မာနိုင်ငံ သားများအနေဖြင့် အရေးကြီး ကိစ္စမရှိလျှင် မပြန်လာရန် မေတ္တာရပ်ခံကြောင်း ဒေါက်တာဝတ်မှုံက ပြောသည်။

“အခုအများကြီး ပြည်ပနိုင်ငံက ပြန်ရောက်လာမယ်၊ ရောဂါ ပါလာတယ်၊ မပါလာဘူး၊ ရောဂါရှိသူနဲ့ နေခဲ့တယ်၊ မနေခဲ့ဘူး မသိနိုင်ဘူး။ အဲ့တာကြောင့် တတ်နိုင်သမျှ ပြန်လာဖို့ အရေးကြီးကိစ္စမရှိရင် မပြန်လာဖို့ရယ်၊ မဖြစ်မနေ ပြန်လာရင် ကျန်းမာရေးဝန်ကြီးဌာနကို သတင်းပို့ဖို့၊ ဒီက ပြည်သူတွေ အနေနဲ့လည်း လူစုလူဝေးတွေ မသွားဖို့၊ မလုပ်ဖို့ ပြောချင်ပါ တယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ COVID-19 ရောဂါ အတည်ပြု ဖြစ်ပွားသူ မရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မတ်လ ၂ဝ ရက် ညနေအထိ သတင်းများအရ ကမ္ဘာ့ကူးစက်မြန် ကပ်ရောဂါ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၂၄၄၅၅၃ ဦးနှင့် သေဆုံးသူ ၁၀၀၃၁ ဦးရှိပြီ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly