အများပြည်သူသုံးယာဉ်များပေါ်၌ ကြိမ်ဖန်များစွာ တံတွေးထွေးသည့် တရုတ်အမျိုးသမီးအဖမ်းခံရ

By The Nation Thailand
20 March 2020
အများပြည်သူသုံးယာဉ်များပေါ်၌ ကြိမ်ဖန်များစွာ တံတွေးထွေးသည့် တရုတ်အမျိုးသမီးအဖမ်းခံရ

မတ် ၂၀။           ။ ထိုင်းနိုင်ငံတွင် တရုတ်အမျိုးသမီးတစ်ဦးသည် ဘန်ကောက်မှ ဆာရာဘူရီသို့ပြေးဆွဲနေသော ဘတ်စ်ကားတစ်စီးပေါ်၌ ကြိမ်ဖန်များစွာ တံတွေးထွေးသည့်အတွက် တာဝန်ရှိသူများက မတ်လ ၁၉ ရက်က ဖမ်းဆီးလိုက်ကြောင်းသိရသည်။

ဘတ်စ်ကားပေါ် ထိုအမျိုးသမီးတံတွေးထွေးသည့်ပုံများ လူမှုမီဒီယာပေါ်၌ပျံ့နှံ့ခဲ့ပြီး တာဝန်ရှိသူများက ၎င်းအား ကာကွယ်ရေးဝတ်စုံပြည့်ဖြင့် ဖမ်းဆီးနေသည့်ပုံကို ထိုင်းနိုင်ငံ ဘေးအန္တရာယ်ကာကွယ်တားဆီးရေးနှင့် လျှော့ချရေးဌာနက ထုတ်ပြန်ခဲ့သည်။

COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလ၌ အဆိုပါအမျိုးသမီးသည် ဘတ်စ်ကားအတွင်း လျှောက်သွားပြီး နေရာအနှံ့ တံတွေးလိုက်ထွေးခဲ့သောကြောင့် တခြားခရီးသည်များအနေဖြင့် စိုးရိမ်ခဲ့ကြရသည်။

ဘတ်စ်ကားဂိတ်ရောက်သည့်အခါ ကျန်းမာရေးတာဝန်ရှိသူများက အမျိုးသမီးအား COVID-19 ရှိ မရှိ စမ်းသပ်မည်ဟုပြောရာ လက်မခံဘဲ ထိုင်း၌ ရက်အနည်းငယ်မျှသာနေမည်ဖြစ်ကြောင်းပြောဆိုကာ ရှောင်ထွက် သွားခဲ့သည်။

ထို့နောက် ဘန်ကောက်သွားမည့်ရထားတစ်စီးပေါ်၌ အဆိုပါတရုတ်အမျိုးသမီးကို ထပ်မံတွေ့ရှိခဲ့ပြီး တံတွေးထပ်မံထွေးနေသောကြောင့် တာဝန်ရှိသူများက ဖမ်းဆီးရန်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ အမျိုးသမီးသည် အဖမ်း မခံဘဲ ဖမ်းဆီးသည့်သူများကိုပါ တံတွေးဖြင့်ထွေးရန် ကြိုးစားခဲ့သဖြင့် ချုပ်နှောင်ကာ ပါးစပ်ပိတ်ခဲ့ရသည်။

ထိုအမျိုးသမီးကို ယမန်နေ့ညက သီးသန့်ထားစောင့်ကြည့်ခဲ့ပြီး မတ်လ ၂၀ ရက် မနက်က Siriraj ဆေးရုံ၌ စစ်ဆေးကြည့်ခဲ့ရာ COVID-19 ကင်းစင်ကြောင်း တွေ့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly