အမေရိကန်တွင် စီးပွားရေးဆုတ်ယုတ်ကျဆင်းမှု ဖြစ်ပေါ်နေပြီဟု Bank of America ပြောကြား

အမေရိကန်တွင် စီးပွားရေးဆုတ်ယုတ်ကျဆင်းမှု ဖြစ်ပေါ်နေပြီဟု Bank of America ပြောကြား

မတ် ၂၀။        ။ အမေရိကန်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်သည့် စီးပွားရေးဆုတ်ယုတ်ကျဆင်းမှု (Recession) ကို ရှောင်လွဲ၍ မရနိုင်တော့ဘဲ ယခုအချိန်တွင် စီးပွားရေးဆုတ်ယုတ်ကျဆင်းမှုထဲ ကျရောက်နေပြီ ဖြစ်ကြောင်း အမေရိကန် ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီကြီးတစ်ခုဖြစ်သော အမေရိကန်ဘဏ် Bank of America က ရင်းနှီးမြုှပ်နှံသူများကို မတ်လ ၁၉ ရက်တွင် သတိပေးသွားခဲ့သည်။
 
“ ကမ္ဘာပေါ်က တခြားဒေသတွေလိုပဲ... အမေရိကန်စီးပွားရေးဟာလည်း ရီဆက်ရှင် တစ်ခုထဲ ကျရောက်သွားခဲ့ပြီဆိုတာကို တရားဝင် ကြေညာပါတယ်၊ ဒါက နက်ရှိုင်းတဲ့ ကျဆင်းမှုပါ။" ဟု အမေရိကန်ဘဏ်၏ အမေရိကန် စီးပွားရေးပညာရှင် Michelle Meyer က မှတ်ချက်ပြုရေးသားခဲ့သည်။ " ဒီတော့ အလုပ်အကိုင်တွေလည်း ဆုံးရှုံးမယ်၊ ကြွယ်ဝချမ်းသာမှုတွေလည်း ဖျက်ဆီးခံရမယ်၊ ပြီးတော့ ယုံကြည်မှုတွေလည်း ကျဆင်းမှာ ဖြစ်ပါတယ်”  

နိုင်ငံစီးပွားရေးသည် ဒုတိယ သုံးလပတ်ကာလတွင် ၁၂ ရာခိုင်နှုန်းကျုံ့ကာ "ပြို" သွားမည်ဖြစ်ကာ တစ်နှစ်ပတ်လုံးတွင် ဝ.၈ ရာခိုင်နှုန်းကျုံလိမ့်မည်ဟု အဆိုပါဘဏ်က မျှော်လင့်ထားသည်။
 
အမေရိကန်ဘဏ်သည် "စီးပွားရေးထိခိုက်တုန်လှုပ်မှု အတိုင်းအတာ"ကို သိရှိနားလည်နိုင်စေမည့် နည်းလမ်းတစ်ခုအဖြစ် အလုပ်သမားဈေးကွက်ကို ကြည့်ရှုခဲ့သည်။ နိုင်ငံတွင် အလုပ်လက်မဲ့ဖြစ်မှုနှုန်းသည်လည်း နှစ်ဆနီးပါးတက်နိုင်ပြီး ဒုတိယသုံးလပတ်အတွင်း တစ်လလျင် ဆုံးရှုံးသွားမည့် အလုပ်အကိုင်အရေအတွက် အကြမ်းဖျင်း တစ်သန်းမျှဖြင့် စုစုပေါင်း အလုပ်အကိုင်အရေအတွက် ၃ ဒသမ ၅ သန်းအထိ ဆုံးရှုံးနိုင်သည်ဟု အဆိုပါ လုပ်ငန်းကုမ္ပဏီက မျှော်မှန်းထားသည်။
 
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ကမ္ဘာ့ဈေးကွက်များကိုလည်း ထိန်းမနိုင် သိမ်းမရအခြေအနေဖြစ်စေကာ ခရီးသွားလုပ်ငန်းများဆိုလျှင် ရပ်တန့်လုနီးပါးနှင့် လုပ်ငန်းကိုင်ငန်းအားလုံး တံခါးပိတ်ထားရတော့မည့် အနေအ ထားဖြစ်သည်။

S&P 500 နှင့် Dow Jones Industrial Average တို့သည်လည်း ထုတ်ရောင်းသူများ၍ ထိုးကျနေသော ဈေးကွက် (bear market) နယ်နမိတ်တွင် ရောင်းဝယ်နေရပြီး ယခုအခါ ပြီးခဲ့သည့်လက ၎င်းတို့ ရောက်ရှိထားခဲ့သည့် အမြင့်ဆုံးလယ်ဗယ်အောက် ၃၀ ရာခိုင်နှုန်းဝန်းကျင်တွင် ရပ်တည်နေလျက် ရှိသည်။
 
အခြေအနေများသည်သာ၍ ဆိုးသွားရန်သာ ရှိနေကြောင်း Meyer က ပြောသည်။ ဧပြီလတွင်လည်း စီးပွားရေးလုပ်ငန်းအကျဆင်းဆုံးအချိန်ကာလတစ်ခု ဖြတ်သန်းရဦးမည်ဖြစ်ကာ ယင်းနောက်ပိုင်းမှသာ တိုးတက်မှုဆီ အလွန်နှေးကွေးစွာ ပြန်သွားနိုင်ပြီး ဇူလိုင်လမတိုင်မီ စီးပွားရေးသည် အတော်အသင့် ပုံမှန်အနေအထားသို့ ပြန်ရောက်နိုင်မည်ဟု အဆိုပါ ကုမ္ပဏီက မျှော်မှန်းထားသည်။

“ ကျဆင်းမှုက ပြင်းထန်တယ်ဆိုပေမယ့်လည်း ဒါဟာ အတော်အသင့် ကာလတိုတစ်ခုပဲ ဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်” ဟု Meyer က ဖြည့်စွက်ပြောကြားသွားခဲ့သည်။   

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required