မင်္ဂလာဒုံမြို့နယ်မှ COVID -19 သံသယရှိလူနာ ပြန်လည်သက်သာလာ

မင်္ဂလာဒုံမြို့နယ်မှ COVID -19 သံသယရှိလူနာ ပြန်လည်သက်သာလာ

မတ် ၂၀။              ။ ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊ပေါက်ကုန်းရပ်ကွက် အပိုင်း(၂)တွင် တွေ့ရှိခဲ့သည့်  COVID -19 သံသယရှိလူနာအမျိုးသမီးမှာ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း ပေါက်ကုန်းရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးတင်ဦးက ပြောကြားသည်။

“မနေ့ကညနေပိုင်းမှာဆက်သွယ်ကြည့်လိုက်တာ အဖျားက ၉၈ ဒီဂရီလောက်ကျသွားပြီး ဒီကနေ့မနက်ပိုင်း မှာတော့ အဖျားလုံးဝမရှိတော့ဘူးလို့ သူကပြောပါတယ်”ဟု ပေါက်ကုန်းရပ်ကွက်အုပ် ချုပ် ရေးမှူး ဦးတင်ဦးက မဇျွိမသို့ ပြောကြားသည်။

မတ် ၁၉ရက် နေ့လည်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊ပေါက်ကုန်းရပ်ကွက် အပိုင်း(၂)၊မေတ္တာ လမ်းတွင် စင်ကာပူနိုင်ငံ၌အိမ်အကူလုပ်ကိုင်ခဲ့သည့် အသက် ၂၀အရွယ်ရှိ မအိအိသိန်း နေထိုင်သော ဧပရယ်မိုး အဆောင်ရှိ၊မရှိကို မင်္ဂလာဒုံမြို့နယ်ကျန်းမာရေးဌာနက ဆက်သွယ်စုံစမ်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် အပိုင်ရာအိမ်မှူးများမှတဆင့်စုံစမ်းသိရှိရသည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ကျန်းမာ ရေးဌာနမှ တာဝန်ရှိသူများနှင့်မြို့နယ်ရဲတပ်ဖွဲ့ဝင်အချို့တို့မှ မအိအိသိန်းထံလာရောက်ကာ ကျန်းမာရေးစစ်ဆေး မှုများပြုလုပ်ခဲ့ရာတွင် ကိုယ်အပူချိန်မှာ ၁၀၄ဒီဂရီရှိသည့်အတွက် လူနာတင်ယာဉ်ဖြင့် ဝေဘာဂီဆေးရုံသို့ ကိုရိုနာ ဗိုင်းရပ်စ်သံသယလူနာအဖြစ် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း ပေါက်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဦးက ပြောကြားသည်။

“မင်္ဂလာဒုံဒေသန္တရကျန်းမားရေးဌာနက ကျွန်တော့ဆီကိုဖုန်းဆက်လာတယ်။ဧပရယ်မိုးအဆောင်ဆိုတဲ့ အဆောင်ရှိလားဆိုတော့ ပေါက်ကုန်းရပ်ကွက်၊အပိုင်း(၂)မှာရှိတယ်လို့ ရာအိမ်မှူးကပြောတော့ ကျွန်တော်တို့ အဲ့ဒိအိမ်ကို သွားလိုက်တယ်။ကျန်းမာရေးဆရာမတွေရယ်၊ကျွန်တော်တို့ရယ်၊ရဲတပ်ဖွဲ့ ၂ဦးရယ်။အဲဒိမှာမေးတာ စင်္ကာပူကို သူရောက်တာ ၂၀၁၉ခုနှစ်၊၈လပိုင်းမှာ အလုပ်သွားလုပ်တယ်။၂နှစ်စာချုပ်ချုပ်ထားတယ်။အိမ်ရှင်က ဆက်ပြီးအ လုပ်မခိုင်းတဲ့အတွက် မြန်မာပြည်ကိုပြန်လာတာ။သူက မြင်းခြံမြို့နယ်၊ကံဆစ်တောင်ကျေးရွာက အဲ့ဒိကိုမပြန်ဘဲ ဒီကို သူကိုအလုပ်သွင်းပေးတဲ့ ဧပရယ်မိုးဆိုတဲ့အဆောင်ကိုပြန်လာတယ်။ စင်္ကာပူကနေသတင်း ရလို့လားမသိဘူး။ကျန်းမာရေးက လာစစ်တာပဲ။လာစစ်တဲ့အချိန်မှာ သူကိုယ်အပူချိန်က ၁၀၄ ဖြစ်နေတယ်”ဟု အုပ်ချုပ်ရေးမှူး ဦးတင်ဦးက ပြောသည်။

ထို့နောက် ကျန်းမာရေးဝန်ထမ်းများမှ၎င်းသံသယရှိလူနာနှင့်အတူနေထိုင်သည့် ၁၁ဦးကို ဆက်လက်စစ်ဆေးရာ တွင် ၂ဦးတွင် ကိုယ်ပူအချိန်မြင့်တက်မှုရှိသည့်အတွက် နေအိမ်တွင်အခန်းခွဲနေစေပြီး ဆေးတိုက်ခြင်း၊ကိုယ်ပူ အချိန်စစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ လက်ရှိတွင် ၎င်းကိုယ်အပူချိန်မြင့်သူ နှစ်ဦးမှာလည်း ပြန်လည်သက်သာ လာပြီဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးတင်ဦးက ဆက်လက်ပြောကြားသည်။

“အိမ်မှာသူနဲ့အတူနေတာ သူအပါအဝင်ဆိုရင် ၁၂ဦးရှိတယ်။၁၇ရက်၊၁၈ရက်၊၁၉ရက်မှာ အတူနေခဲ့တဲ့သူ ၁၁ ဦးရှိတယ်။သူနဲ့ဆိုရင် ၁၂ဦးပေါ့။အဲဒီ ၁၁ ဦးကိုလည်း အကုန်လုံးကိုယ်အပူချိန်တွေတိုင်းတော့ နှစ်ဦးကတော့ သာမန်ကိုယ်အပူချိန်နဲ့ညှိလို့ သူတို့ကိုကျွန်တော်တို့ အခန်းခွဲထားတယ်။နေအိမ် အောက်မှာ ။နေအိမ်က နှစ်ထပ် ။အခန်းခွဲနေခိုင်းပြီးတော့ သူတို့သုံးမယ့်ပစ္စည်းတွေကို သီးသန့်ခွဲပြီးတော့လုပ် ပေးတယ်။ကျန်းမာရေးနဲ့ပတ်သက် ပြီးတော့ ကိုယ်အပူချိန်တိုင်းတယ်။ဆေးပုံမှန်သောက်ခိုင်းတယ်။အခုအိမ်ကလူတွေက ကျန်းမာရေးကောင်း သွားပြီ”ဟု  ဦးတင်ဦးက ပြောသည်။

ထိုသို့ဖြစ်ပွားစဉ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်ကျန်းမာရေးဌာနမှဝန်ထမ်းများက နေအိမ်မှဝင်၊ထွက်ခွင့် ပိတ်ပင်ခြင်း၊သံသယလူနာနေထိုင်ခဲ့သည့် မေတ္တာလမ်းအား လမ်းသွား၊လမ်းလာကန့်သတ်ခြင်းများပြုလုပ်ခဲ့ ကြောင်းနှင့်လက်ရှိတွင် အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့မှဆက်လက်စောင့်ကြည့်မှုများပြုလုပ်လျှက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required