အသက် ၆၀ ကျော် လူကြီးများ ခရီးလုံးဝမသွားသင့်ဟု ဒေါက်တာခင်ခင်ကြီးပြော

အသက် ၆၀ ကျော် လူကြီးများ ခရီးလုံးဝမသွားသင့်ဟု ဒေါက်တာခင်ခင်ကြီးပြော
ပုံ- ခရီးသွား ပြည်သူများ(ပုံ- သူရ/မဇ္ဈိမ)

ရန်ကုန်၊ မတ် ၂၀။             ။ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကာကွယ်နိုင်ရေးအတွက် အသက် ၆၀ ကျော် လူကြီးများအနေဖြင့် ခရီးလုံးဝ မသွား သင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက မဇ္ဈိမသို့ ပြောသည်။

သင်္ကြန် ရုံးပိတ်ရက်ကာလ အိမ်ပြန်ကြမည့် ပြည်သူလူထုအနေဖြင့် ရထားများ၊ Express ကားများ၊ သင်္ဘောများသည် အလုံပိတ်များ ဖြစ်ပါက အထူးသတိထား သင့်ကြောင်း၊ နှာစေးချောင်းဆိုး ရှိနေသူများ အနေဖြင့် ခရီးသွားလာခြင်းအား လုံးဝ မပြုလုပ်သင့်ဘဲ အိမ်မှာပဲနေသင့်ကြောင်း ၎င်းက ပြောသည်။

ဒေါက်တာခင်ခင်ကြီးက "အသက် ၆၀ အသက်ကြီးသူတွေ၊ နောက်ခံ ရောဂါရှိတဲ့ လူကြီးတွေ အနေနဲ့ဆိုရင်တော့ လုံးဝ ခရီးသွားခွင့်ကို မပြုသင့်ပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သာမန်လူတွေ အနေနဲ့ဆိုလို့ရှိရင် အသက်ငယ် ရွယ်တယ်၊ ကိုယ်ခံ အားလည်း ရှိတယ်ဆိုတဲ့ လူငယ်တွေ ဆိုရင်တော့ ရောဂါပိုး ကူးစက်ခံရရင်တောင်မှ ရောဂါဟာ သာမန် လက္ခဏာပဲ ပြမှာ ဖြစ်မယ်။ သာမန် လက္ခဏာပဲ ခံစားရမှာ ဖြစ်ပေမယ့်လို့ သူကတဆင့် တခြား အသက်ကြီးတဲ့လူတွေ ရောဂါ နောက်ခံရှိတဲ့ လူတွေကို ကူးစက် သွားလို့ရှိရင် ဒီလူတွေဟာ ရောဂါပြင်းထန် ခံစားရနိုင်ပါတယ်။ ဒါကြောင့်မို့ အသက်ကြီးလူတွေ နဂို ရောဂါ အခံရှိတဲ့ သူတွေကတော့ ခရီးလုံးဝ မသွား သင့်ပါဘူး"ဟု ၎င်းက ပြောသည်။

ပြည်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် COVID-19 အား ကြိုတင်ကာကွယ်သည့် အနေဖြင့် အရာဝတ္ထု တစ်ခုခုအား ကိုင်တွယ်ပြီးတိုင်း လက်ကို သေချာ စနစ်တကျ ဆေးကြောသင့်ကြောင်း၊ လက်ဆေးရန် အဆင်မပြေပါက လက်ဆေး ဆပ်ပြာနှင့် Hand sanitizer (ရေမလိုလက်သန့်ဆေးရေ )ကို ဆောင်ထားသင့်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ ကိုရှမ်းလေးက “ခရီးသွားလာမှုများ မပြုလုပ်သင့်ဘူးဆိုတာမျိုးကိုတော့ လက်ခံပါတယ်၊ ဒါပေမယ့် မသွားမဖြစ် နယ်ပြန်ကြမယ့် လူတွေရှိမယ်လေ သင်္ကြန်တွင်းကာလမှာ။ အဲလိုဆို ရင် သူတို့ ကားနဲ့လား၊ သင်္ဘောနဲ့လား၊ လေကြောင်းနဲ့လား အဲလို ပြန်တဲ့အခါမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ခရီးသည် ပို့ဆောင် ရေး လုပ်ငန်းပိုင်ရှင်တွေ ပူးပေါင်းပြီးတော့ COVID-19 ရောဂါကို ကာကွယ်နိုင်မယ့် အကာ အကွယ် ပစ္စည်းတွေကို ပေးသင့်တယ်၊ ဥပမာ လက်သန့်ဆေးရည်လို မျိုးပဲ ဖြစ်ဖြစ်၊ နှာခေါင်းစည်းလိုမျိုးပဲ ဖြစ်ဖြစ်ပေါ့ဗျာ”ဟု ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကတော့ ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရနှင့် ကျန်းမာရေးအဖွဲ့များ ပူးပေါင်းကာ ပြည်သူလူထုနှင့် YBS ဘတ်စ်ကားလိုင်းများတွင် COVID-19 ရောဂါ ကာကွယ်နိုင်ရေး ဆောင်ရွက်နေကြကြောင်း ပြောသည်။

 “ YBS ဘတ်စ်ကားလိုင်းတွေ ဆိုရင်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ကြီးကြပ်ပေးမှု၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရယ်၊ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ သူတို့ ကားဂိတ်တွေမှာတော့ လက်ဆေး ဆပ်ပြာတွေ ထားရှိပေးဖို့၊ နောက်တစ်ခုကတော့ ဒီ COVID-19 နဲ့ပတ်သက်တဲ့ လိုအပ်တဲ့ ပြည်သူလူထု သိသင့်တဲ့ အချက် တွေကို ကြေညာပေးဖို့ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်"ဟု ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်သမ္မတရုံး ကလည်း ပြည်သူလူထု အနေဖြင့် လူစုလူဝေးရှိသည့် နေရာများအား ရှောင်ကြဉ်ကြရန်၊ လူစုလူဝေး ဖြစ်စေမည့် ပွဲလမ်းသဘင်များနှင့် အခမ်းအနားများ မပြုလုပ်ကြရန် ထုတ်ပြန် ကြေညာထား သည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း လူစုလူဝေး ဖြစ်စေသည့် ရုပ်ရှင်ရုပ်များအား ဧပြီလ ၃၀ ရက်နေ့အထိ ပိတ်သိမ်းထားပြီ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required