ထိုင်းနိုင်ငံဝင်ရောက်ခွင့်ရဖို့ ကျန်းမာရေးထောက်ခံစာနှင့်အတူကန်ဒေါ်လာ တစ်သိန်းတင်ပြရမည်

ထိုင်းနိုင်ငံဝင်ရောက်ခွင့်ရဖို့ ကျန်းမာရေးထောက်ခံစာနှင့်အတူကန်ဒေါ်လာ တစ်သိန်းတင်ပြရမည်
Photo  - AFP

မတ်လ၂၀။             ။ ထိုင်းနိုင်ငံသို့ သွားလိုသူများအနေဖြင့် ၇၂နာရီအတွင်းစစ်ဆေးထားသည့် ကျန်းမာရေးထောက်ခံစာ နှင့်အတူထိုင်းနိုင်ငံအတွင်းဆေး ဝါးကုသခံယူခွင့်အကျုံးဝင်ပြီးအနည်း ဆုံးအမေရိကန်ဒေါ်လာ တစ်သိန်းကုသခွင့်ရှိသည့် ကျန်းမာရေးအာမခံတင် ပြရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံလေကြောင်းညွှန်ကြားမှုဦးစီးဌာနကမတ်လ ၂၀ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါကန့်သတ်ချက်အတိုင်းမတ်လ ၂၂ရက်မှစပြီး အကောင်အထည်ဖော်မည်ဖြစ်ကာသတ်မှတ်ထားသည့် အချက်အလက် များတင်ပြနိုင်ခြင်းမရှိပါက Boarding Pass ထုတ်ပေးမည်မဟုတ်ကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ချင်းမိုင်အပြည်ပြည်လေဆိပ်အပါအဝင် ထိုင်းနိုင်ငံရှိအပြည်ပြည်ဆိုင်ရာလေဆိပ်များမှတဆင့် ဝင်ရောက်မည့် မြန်မာနိုင်ငံသားများ၊ နိုင်ငံခြားသားအားလုံးသည် ထွက်ခွာခွင့်နိုင်ငံလေဆိပ်ကောင်တာ၌ Check-in ပြုလုပ် စဉ်တွင် အဆိုပါသတ်မှတ်ထားသည့်အချက်နှစ်ချက်ကိုတင်ပြရမည်ဖြစ်သည်။

ကူးစက်ရောဂါအက်ဥပဒေ-၂၀၁၅ အရ(အမည်၊ နိုင်ငံကူးလက်မှတ်၊ တည်းခိုမည့်လိပ်စာ) ကို ပြည့်စုံစွာဖြည့်စွက်ပြီး AOT Airports Mobile app မှတဆင့်ဖြည့်စွက်တင်ရမည်ဖြစ်ပြီးလုပ် ဆောင်ချက်များကို လေဆိပ်ရှိတာ ဝန်ရှိသူများကိုတင်ပြရမည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် COVID - 19 ကြောင့် သေဆုံးသူတစ်ဦးနှင့် ကူးစက်ခံထားရသူ ၃၂၂ ဦးရှိကြောင်းထိုင်းကျန်းမာရေးဝန်ကြီးဌာန၏ သောကြာနေ့ ထုတ်ပြန်ချက်အရသိရသည်။

မြန်မာနိုင်ငံအနေဖြင့် ထိုင်းနယ်စပ်ဝင်ပေါက်များကိုမတ်လ ၁၉ရက်ကစပြီး ထိုင်းနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများကိုဝင်ထွက်သွားလာခွင့်ပြုထားသော်လည်းအခြားသော နိုင်ငံခြားသားများကိုဝင်ထွက်ခွင့် ပိတ်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly