ချင်းပြည်နယ်မှာ စစ်ရေးအခြေမချရန် AA ကို ချင်းတပ်(CNF)ပြော

ချင်းပြည်နယ်မှာ စစ်ရေးအခြေမချရန် AA ကို ချင်းတပ်(CNF)ပြော
ပုံ- ချင်းအမျိုးသားတပ်ဦး(CNF)၏ ညီလာခံမှာ အမှာစကားပြောနေတဲ့ CNF ဥက္ကဋ္ဌ Pu Zing Cung (General Headquarters Chinland-fb)

ရန်ကုန်၊ မတ်၊ ၂၀။            ။ ချင်းအမျိုးသားတပ်ဦး(CNF)၏ သတ္တမအကြိမ်မြောက် ညီလာခံမှ ထုတ်ပြန်ခဲ့သည့်အချက် ၇ ချက်ထဲမှချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်းမှာ တပ်မတော်နှင့် ရခိုင့်တပ်(AA)တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ ချင်းအမျိုးသားပိုင်နက်ထဲမှာ ဖြစ်ပွားနေခြင်းကြောင့် ချက်ချင်းရပ်တန့်ပေးရန်နှင့် AA အနေဖြင့် ချင်းပြည်နယ်အတွင်းတွင် စစ်ရေး အခြေမချရန် ချင်းအမျိုးသားတပ်ဦး(CNF)က ထုတ်ပြန် ပြောခဲ့သည်။

CNF သည် သတ္တမအကြိမ်မြောက် ညီလာခံကို ချင်းအမျိုးသားတပ်ဦး(CNF)၏ ဝိတိုရိယ ဗဟိုဌာနချုပ်မှာ မတ်လ ၁၆ ရက်မှ ၁၉ ရက်အထိ ပြုလုပ်ခဲ့ပြီးနောက် အထက်ပါ အတိုင်း ထုတ်ပြန် ပြောလိုက်ခြင်း ဖြစ်သည်။

ချင်းအမျိုးသားတပ်ဦး(CNF)က“လက်ရှိ မြန်မာ့တပ်မတော်နှင့် AA အကြား ဖြစ်ပွားနေသော စစ်ရေး ပဋိပက္ခသည် ချင်း အမျိုးသားများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းကြောင့် ချင်းလူမျိုးတွေအတွက် အရေးပေါ် အခြေအနေ ဖြစ်လာတဲ့ အပြင် မြန်မာ့တပ်မတော်နှင့် AA တို့ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲများ ချက်ချင်း ရပ်တန့်ရန်နှင့် AA အနေဖြင့် ချင်းပြည် နယ်မှာ စစ်ရေး အခြေချမှုတွေ လုံးဝ မပြုလုပ်ရန်”ဟု ထုတ်ပြန်ချက်မှာ ပြော ထားသည်။

CNF ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ချင်းပြည်နယ်၊ ပလက်ဝထဲမှ AA ထွက်သွားရန်မှာ လတ်တလော မဖြစ်နိုင်သေးဘူးဟု ဆိုသည်။

“ဒီထုတ်ပြန်ချက်အရ လောလောဆယ် AA အနေနဲ့ ဒီပလက်ဝထဲက ထွက်ခွာဖို့ဆိုတာ လောလောဆယ်ကတော့ ဖြစ်နိုင် လိမ့်မယ် မထင်ပါဘူး။ ဘာလို့လဲဆိုတော့ AA တပ်ဖွဲ့လှုပ်ရှားမှုက ရခိုင်မြောက်ပိုင်းနဲ့ ပလက်ဝနဲ့ တဆက် တည်း ဖြစ်နေတဲ့ အတွက် တောတောင် ထူထပ်တဲ့ နေရာတွေမှာ စစ်ရေး လှုပ်ရှားရတဲ့ အတွက်ကြောင့်မို့ ထွက်ဖို့ကတော့ ဖြစ်နိုင် မယ်လို့ မထင်ဘူး”ဟု ၎င်းက ပြောသည်။

CNF မှ ချင်းပြည်နယ်အတွင်း AA စစ်ရေး အခြေချလှုပ်ရှားမှု မလုပ်ရန် တောင်းဆိုမှုကြောင့် ဒေသတွင်းရှိ ဒေသခံများက AA ကို CNF က တိုက်ခိုက်လာမလားဟု ပြောဆိုသံများ ထွက်လာသော်လည်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျူ(MIPS)မှ အလုပ်အမှုဆောင်ညွန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးကတော့ မဖြစ်နိုင်ဘူးဟု ဆိုသည်။

“အခု စစ်ဖြစ်နေတာက ချင်းပြည်နယ် တောင်ပိုင်းပေါ့။ CNF ရဲ့ တည်နေရာက ချင်းပြည် နယ် မြောက်ပိုင်းမှာ အခြေပြု ထားတော့ CNF က တောင်ပိုင်းမှာ သူတို့ရဲ့အခြေချမှုက များများစားစား ရှိမလာဘူးပေါ့။ မရှိလာတော့ အခုလို မျိုး AA ဝင်လာတဲ့ အခါမှာတော့ တိုက်ရိုက်ကြီးတော့ ထိပ်တိုက် တွေ့ဆုံဖို့ မဖြစ်ဘူးပေါ့နော်”ဟု ၎င်းက ပြောသည်။

AA အနေဖြင့် ချင်းအမျိုးသားတပ်ဦး(CNF)၏ တောင်းဆိုချက်အား လိုက်လျောမှု မရှိလျှင် ပလက်ဝဒေသအတွင်းရှိ ချင်း တိုင်းရင်းသားများမှ ပြည်သူ့စစ်အဖွဲ့အနေဖြင့် ရင်ဆိုင်လာနိုင်မှုဖြင့် ကြုံတွေ့ရနိုင်သလို ချင်းအမျိုး သားတပ်ဦး(CNF)နှင့် ရခိုင့်တပ်(AA)တို့ကြားမှာလည်း အငြင်းပွားမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေကြသည်။

ပုံ - - ၂၀၂၀ ခုနှစ်၊ မတ်လ ၁၆ ရက်မှ ၁၉ ရက်ထိ ကျင်းပခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး(CNF)၏ ညီလာခံ (General Headquarters Chinland-fb)

ဒေါက်တာမင်းဇော်ဦးက “အခုက CNF တင်မကဘူး၊ ခူမီး ပြည်သူတွေထဲက တချို့က လက်နက်တပ်ဆင်ဖို့ တောင်းဆို နေကြတာတွေ ကျွန်တော်တို့ ကြားရတယ်။ နောက်ဆို ပလက်ဝမှာ ပြည်သူ့စစ် လုပ်တဲ့ဟာမျိုးတွေလည်း တွေ့လာနိုင် တယ်။ အဲ့လိုမျိုး ဖြစ်လာတယ် ဆိုရင် အဲ့ဒေသမှာရှိတဲ့ ခူမီးလူမျိုးတွေက လက်နက်ကိုင်မယ်ဆိုရင် သူတို့နဲ့ AA တို့ ထိပ်တိုက် တွေ့တာမျိုးတွေ ဖြစ်လာ နိုင်တယ်”ဟု ပြောသည်။  

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ CNF နှင့် AA ကြား လောလောဆယ် ထိပ်တိုက် ရင်ဆိုင်နိုင်ခြေ မရှိကြောင်း၊ နိုင်ငံရေး အရ အငြင်းပွားမှုအဆင့်မှာသာ ရှိလိမ့်မည်ဟု ဆိုသည်။

CNF ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး(CNF)နှင့် ရခိုင့်တပ်(AA) ဘက်ကို မဇ္ဈိမက ဖုန်းဆက် မေးမြန်းသော်လည်း နှစ်ဖက်စလုံးက ဖုန်းကိုင် ဖြေခြင်းမရှိသည့်အတွက် တစ်စုံတစ်ရာ မသိရပေ။

ချင်းအမျိုးသားတပ်ဦး အနေနှင့် တိုက်ပွဲအတွင်း ခံစားခဲ့ရသည့် ဒေသခံချင်းပြည်သူများအတွက် လိုအပ်သော အကူအညီ ထောက်ပံ့မှုနှင့် ပြန်လည်နေရာ ချထားပေးမှုတို့ကို နည်းလမ်းပေါင်းစုံ အသုံးပြု၍ အကောင်ထည်ဖော် ဆောင်ရွက်သွား မည်ဟုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းသို့ AA သည် ၂၀၁၅ ခုနှစ်ကတည်းက ဝင်ရောက်လာပြီး စစ်ရေး လှုပ်ရှားလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ယနေ့ချိန်ထိ တပ်မတော်နှင့် AA ကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ပလက်ဝဒေသတွင်းရှိ ဒေသခံ ၃၀၀၀ ကျော် တိုက်ပွဲရှောင်နေကြရသလို တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းသို့ပါ နေရပ်စွန့်ခွာ တိမ်းရှောင်မှုများဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

လက်ရှိတွင် ချင်းအမျိုးသားတပ်ဦး(CNF)သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) အပါအဝင် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် ပမာဏအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (Bilateral)ကို ရေးထိုးထားသည်။

ရခိုင့်တပ်(AA)ကမူ Bilateral ထိုးနိုင်ရေး အစိုးရ-တပ်မတော် ပါဝင်သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)မှ ကိုယ်စားလှယ်များဖြင့် ဆွေးနွေးလျက်ရှိသော်လည်း ယနေ့ချိန်ထိ တစ်စုံတစ် ရာ သဘောတူညီချက် မရသေးဘဲ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

CNF နှင့် အစိုးရကြား ချုပ်ဆိုထားသည့် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် ပမာဏအပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်(Bilateral)တွင် ချင်းပြည်နယ်အတွင်းမှာ ချင်းအမျိုးသားတပ်ဦး(CNF)နှင့် တပ်မတော်တို့သာ အခြေစိုက်ခွင့်ရှိပြီး တခြားသော မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ ချင်းပြည်နယ်အတွင်း အခြေစိုက် လှုပ်ရှားခွင့်မရှိကြောင်း သဘောတူ ညီချက် တစ်ခု ပါရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly