မီးဝစခန်းကနေ AA တပ်ဖွဲ့ဝင်များ ပြန်ဆုတ်သွားပြီဟု တပ်မတော်ပြော

မီးဝစခန်းကနေ AA တပ်ဖွဲ့ဝင်များ ပြန်ဆုတ်သွားပြီဟု တပ်မတော်ပြော
ပုံ - AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်(ပုံ- AA Info)

ရန်ကုန်၊ မတ် ၂၀။            ။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တပ်မတော်၏ စခန်းတစ်ခုဖြစ်သော မီးဝစခန်းကို ရခိုင့်တပ်(AA)မှ တစ်လကျော်ကြာ ဝိုင်းပတ် ပိတ်ဆို့ထားသော်လည်း ယခုအခါမှာတော့ မီးဝစခန်း ကနေ AA တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာသွားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက မတ်လ ၁၉ ရက်နေ့စွဲဖြင့် ထုတ်ပြန် ခဲ့သည်။

ပလက်ဝ-ကျောက်တော် လမ်းကြောင်းနှင့် မီးစာ-မတူပီ လမ်းကြောင်းဆုံရာ နေရာတွင် တည်ရှိပြီး ဒေသအတွင်း အချက်အချာကျသည့် မီးဝစခန်းအား အင်အားအလုံး အရင်းဖြင့် ဖေဖော်ဝါရီလ ၅ ရက်မှစ၍ တိုက်ခိုက်ခဲ့ ကြောင်းတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ မတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ထို့နောက် မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် တပ်မတော်ဘက်မှ ရိက္ခာ/ခဲယမ်းများနှင့် စစ်ကူများ ရောက်ရှိ တိုက်ခိုက် ခဲ့ပြီးနောက် AA တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားကြောင်း တပ်မတော်မှ ပြောသည်။

မီးဝစခန်းတိုက်ပွဲမှ AA ဘက်မှ လက်နက် ခဲယမ်းများ သိမ်းဆည်းရမိ( ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ် )

တပ်မတော်က “ AA အဖွဲ့ဝင်များ အပါအဝင် ၎င်းတို့၏ အမာခံများအား တိုက်ခိုက် ချေမှုန်းနိုင်ခဲ့သည့် အတွက် ၎င်းတို့၏ ရည်မှန်းချက်ဖြစ်သည့် ပလက်ဝဒေသအား  ဖြတ်တောက်ပိတ်ဆို့ရေး အစီအစဉ်ကို တပ်မတော်မှ ရိုက် ချိုးနိုင်ခဲ့သည်”ဟု ထုတ်ပြန်ချက်မှာ ပြောထားသည်။

တပ်မတော်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး AA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခအား ဆက်သွယ် သော်လည်း ဖုန်းကိုင်ခြင်းမရှိသည့်အတွက် တစ်စုံတစ်ရာ မသိရပေ။

ထိုထုတ်ပြန်ချက်တွင် AA အဖွဲ့မှ ၎င်းတို့ စတင်ဝင်ရောက်ခဲ့သည့် ပလက်ဝဒေသအား စိုးမိုးနိုင်ရန် ရေလမ်း၊ ကုန်းလမ်း စသည့် ဆက်သွယ်ရေး လမ်းကြောင်းများအား ဖြတ်တောက်၍ အစိုးရ၏ အုပ်ချုပ်ရေးယန္တရား၊ လုံခြုံရေး ယန္တရားတို့ ပြိုလဲသွားစေရန် လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီက“ ထုတ်ပြန်ချက်ထဲမှာ ကျွန်တော်တို့ အပြည့် အစုံ ပါပါတယ်၊ ဟိုနားနေ ဒီနားနေဆိုတော့ ဒီလိုပဲ ပြန့်ကျဲပြီး ရှိနေဦးမှာပေါ့”ဟု ပြောသည်။

AA အဖွဲ့ အနေဖြင့် မီးဝစခန်းအား ရေ/ ရိက္ခာ/ ခဲယမ်းများ၊ စစ်ကူများ မလာနိုင်အောင် စခန်းပတ်လည်၌ ကျင်း များ တူး၍ ထိန်းချုပ်ခြင်း၊ အစာရေစာ ပြတ်တောက်အောင် လမ်းကြောင်းများအား မိုင်းထောင် ပိတ်ဆို့ ခြင်း များလုပ်ဆောင်ခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

AA မှ လက်နက်ငယ်များဖြင့် ပစ်လို့ ရဟတ်ယာဉ် ကျည်ထိမှန်ခဲ့ ( ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ် )

ထို့ကြောင့် လေကြောင်းဖြင့် ရိက္ခာပို့ဆောင်မှုအား တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ တိုက်ခိုက်ရေး လေယာဉ် များ အစောင့်လိုက်ပါ၍ ဆောင်ရွက်ခဲ့ရကာ AA ဘက်မှပစ်ခတ်သည့် လေယာဉ်ပစ် လက်နက်များကြောင့် ရဟတ် ယာဉ်များ ၁၀ ကြိမ်ခန့် ကျည်ထိမှန်ခဲ့ကြောင်းလည်း တပ်မတော်ဘက်က ဆိုသည်။

တိုက်ပွဲအတွင်း AA တပ်ဖွဲ့ဝင်များသည် အရပ်ဝတ်များ ဝတ်၍ အရပ်သားများအသွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ပြီး ကျဆုံးသည့်အခါတွင် အရပ်သားများ သေဆုံးသည့်အသွင် ပြုလုပ်ခဲ့သည်ဟုလည်း တပ်မတော်၏ ထုတ်ပြန် ချက်တွင် ပါရှိသည်။

တပ်မတော်နှင့် AA တို့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ယနေ့ချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေသည်။

ထိုတိုက်ပွဲများကြောင့် ရခိုင်ဒေသနှင့် ပလက်ဝဒေသအတွင်း  အရပ်သားများ ရာနှင့်ချီ သေဆုံး၊ ထိခိုက်ဒဏ်ရာများ ရရှိသကဲ့သို့ တိုက်ပွဲရှောင် ဦးရေမှာလည်း ၁၅၀၀၀၀ ကျော်ရှိနေကြောင်း အရပ် ဖက် အဖွဲ့အစည်းများထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly