အပူချိန်နှင့် စိုထိုင်းမှု မြင့်မားခြင်းက COVID-19 ကူးစက်ပျံ့နှံ့မှုကို သိသိသာသာ လျော့ကျစေဟု လေ့လာချက်သစ်တစ်ခုက ဖော်ပြ

အပူချိန်နှင့် စိုထိုင်းမှု မြင့်မားခြင်းက COVID-19 ကူးစက်ပျံ့နှံ့မှုကို သိသိသာသာ လျော့ကျစေဟု လေ့လာချက်သစ်တစ်ခုက ဖော်ပြ

မတ် ၂၀။                ။ ကိုရိုနာဗိုင်းရပ်စ်သစ် (COVID-19) ကူးစက်ပျံ့နှံ့မှုအပေါ် အပူချိန်နှင့် စိုထိုင်းမှုတို့က မည်သို့မည်ပုံ သက်ရောက်မှု ရှိနိုင်သည် ဆိုသည်နှင့်ပတ်သက်၍ သုတေသီအဖွဲ့တစ်ခုက လေ့လာချက်သစ်တစ်ရပ်ကို ပြီးခဲ့သည့်အပတ်က လုပ်ဆောင်ခဲ့ကြပြီး ယခုအခါ ယင်းလေ့လာချက်၏ ရလဒ်များကို ထုတ်ဖော်သွားခဲ့ကြသည်။

အဆိုပါ သုတေသီများ၏ လေ့လာမှုအရ “အပူချိန် မြင့်မားမှုနှင့် စိုထိုင်းဆ မြင့်မားခြင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအပေါ် သိသိသာသာ လျော့ကျစေသည်” ဟု သိရသည်။

အပူချိန် တစ် ဒီဂရီ ဆဲလ်စီယပ် နှင့် လေထုစိုထိုင်းဆ (relative humidity) တစ်ရာခိုင်နှုန်းမျှ မြင့်တက်ခြင်းက ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုကို သိသိသာသာ လျော့ကျသွားစေမည်ဖြစ်ကြောင်း သုတေသီများ အကဲဖြတ်ပြုစုခဲ့သော ဒေတာအချက်အလက်များအရ သိရသည်။

COVID-19 ဖျားနာမှုကို ဖြစ်စေနိုင်သော SARS-Cov-2 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအပေါ် ရာသီဥတု၏ သက်ရောက်နိုင်စွမ်းနှင့်ပတ်သက်၍ လေ့လာဆန်းစစ်သည့် သုတေသနလေ့လာချက်များထဲတွင် ယခု လေ့လာချက်လည်း တစ်ခုအပါအဝင် ဖြစ်သည်။

သို့သော် အဆိုပါ လေ့လာချက်များအားလုံးသည် ပညာရှင် အချင်းချင်း သုံးသပ် အကဲဖြတ်ပေးခြင်း (Peer-Review) ပြုလုပ်ထားရသေးခြင်း မရှိသေးဟုလည်း သိရသည်။

ယခု ထုတ်ပြန်သည့် လေ့လာချက်ကို လုပ်ဆောင်ရာတွင် သုတေသီများသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နှင့် ၂၃ ရက်အကြား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ် ၄၀ ကျော်စီ ရှိထားခဲ့သော တရုတ်မြို့ပေါင်း ၁၀၀ ခန့်ကို လေ့လာခဲ့ကြခြင်း ဖြစ်သည်။

ဗိုင်းရပ်စ် ကူးစက်မှု အစောပိုင်း ကာလအတွင်း ကူးစက်ဖြစ်ပွားမှု၏ ပြင်းထန်မှုပိုင်းတွင် လေထုအပူချိန်များနှင့် စိုထိုင်းဆလယ်ဗယ်များ၏ တိုက်ရိုက်သက်ရောက်မှုများကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ခဲ့သည်ကို ယခုလေ့ လာချက်က ပြသနေခဲ့သည်ဟုလည်း သိရသည်။

“ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားတဲ့ အစောပိုင်းနေ့ရက်တွေမှာဆိုရင်  လေထုအပူချိန် နဲ့ စိုထိုင်းမှု အတော်လေး နိမ့်ကျတဲ့ နိုင်ငံတွေ (ဥပမာ ကိုရီးယား၊ ဂျပန်နဲ့ အီရန်) တွေဟာ ပိုမိုပူနွေးပြီး စိုထိုင်းဆများတဲ့ နိုင်ငံတွေ (ဥပမာ စင်ကာပူ၊ မလေးရှား၊ ထိုင်း) ထက်ယှဉ်ရင် ပြင်းထန်တဲ့ ဖြစ်ပွားမှုတွေကို တွေ့မြင်ခဲ့ရပါတယ်” ဟု သုတေသီများက ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly