ထိုင်းရောက် မြန်မာလုပ်သားနှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့

ထိုင်းရောက် မြန်မာလုပ်သားနှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့
Photo  - AFP

မတ် ၂၀။           ။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေသော မြန်မာလုပ်သားနှစ်ဦးတွင်  ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးနှင့် HIV ကဏ္ဍတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအရာရှိ  မစ္စတာ Surasak Thanaisawanyangkoon က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ဓာတ်ပုံ - ထိုင်းကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးနှင့် HIV ကဏ္ဍတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအရာရှိ  မစ္စတာ Surasak Thanaisawanyangkoon

၎င်းက  " ဒီကနေ မြန်မာလုပ်သားတွေမှာ (ဗိုင်းရပ်စ်) တွေ့ရှိမှု နှစ်ခု အတည်ပြုထားပြီးဖြစ်ပါတယ်" ဟု ယနေ့နံနက် ၁၁ နာရီခန့်ကစ၍ ရေးသားထားသည်။

ဘန်ကောက်မြို့လယ်ရှိ  ဖျော်ဖြေရေးဌာနတစ်ခုတွင် အလုပ်နေခဲ့သည့်  အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ဘန်ကောက်မက်ထရိုပိုလီတန ်ကျန်းမာရေးစင်တာတွင် တက်ရောက်ကုသမှုခံယူနေသည့် အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း  ဖြစ်တယ်လို့ မစ္စတာ Surasak Thanaisawanyangkoon က မဇ္ဈိမကို ပြောသည်။

 " သူတို့ ထိုင်းနိုင်ငံကို ဝင်ရောက်လာတာ ဘယ်လောက်ကြာပြီဆိုတာရယ် မြန်မာပြည်ကိုကော ဘယ်နှစ်ကြိမ်လောက်ပြန်သွားခဲ့ပြီးပြီလည်းဆိုတာကို ကျွန်တော်တို့ မသိရသေးပါဘူး။" ဟု သူက ဆက်ပြောသည်။

အဆိုပါ ဗိုင်းရပ်စ်တွေ့ရှိမှုက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ပြည်ပရောက်မြန်မာများတွင် ပထမဆုံးဖြစ်ပွားမှု ဖြစ်လာဖွယ်ရှိသည်။

ထိုင်းနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် COVID - 19 ကြောင့် သေဆုံးသူ တစ်ဦးနှင့် ကူးစက်ခံထားရသူ ၃၂၂ ဦးရှိကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန၏ သောကြာနေ့ ထုတ်ပြန်ချက်အရသိရသည်။

မြန်မာနိုင်ငံအနေဖြင့် ထိုင်းနယ်စပ်ဝင်ပေါက်များကို မတ်လ ၁၉ရက်ကစပြီး ထိုင်းနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများကို ဝင်ထွက်သွားလာ ခွင့်ပြုထားသော်လည်း အခြားသော နိုင်ငံခြားသားများကို ဝင်ထွက်ခွင့် ပိတ်ထားသည်။

မြန်မာနိုင်ငံသားအများစုသည် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အများဆုံးသွားရောက်လုပ်ကိုင်နေပြီး ၂၀၁၉ ခုနှစ် သြဂုတ်လစာရင်းများအရ ထိုင်းရှိရွှေ့ပြောင်းလုပ်သားများတွင် မြန်မာက အများဆုံးဖြစ်ပြီး လူဦးရေ ၂.၃ သန်းရှိသည်။

( ထပ်မံရရှိသော အချက်အလက်များဖြည့်စွက်ခြင်းနှင့် ပြန်လည်တည်းဖြတ်ခြင်းကို ညနေ ၅ နာရီ ၄၉ မိနစ်တွင် ပြုလုပ်ပါသည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required