အိန္ဒိယမှာ ဘတ်စ်ကားပေါ် အုပ်စုဖွဲ့အဓမ္မပြုကျင့် သတ်ဖြတ်မှု တရားခံလေးဦးကို သေဒဏ်ပေးကွပ်မျက်

အိန္ဒိယမှာ ဘတ်စ်ကားပေါ် အုပ်စုဖွဲ့အဓမ္မပြုကျင့် သတ်ဖြတ်မှု တရားခံလေးဦးကို သေဒဏ်ပေးကွပ်မျက်

မတ်လ ၂၀။         ။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ၂၀၁၂ ခုနှစ်က အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ တရားခံလေးဦးကို သောကြာနေ့က သေဒဏ်စီရင်ရာ တီဟာအကျဉ်းထောင်အပြင်မှာ လူအုပ်စုက အိန္ဒိယအလံတွေကို ဝှေ့ယမ်းပြီး ထောက်ခံမှုပြပြီး ကောင်းချီးပေးကြပါတယ်။

တီဟာအကျဉ်းထောင်မှာ အခု တရားခံလေးဦးကို အာရုဏ်မတက်ခင် ကြိုးပေးကွပ်မျက်လိုက်တာဖြစ်ကြောင်း ထောင်မှူး ဆန်ဒစ်ဂိုးလ်က ပြောပါတယ်။ အခု သေဒဏ်ပေး ကွပ်မျက်မှုဟာ အိန္ဒိယနိုင်ငံမှာ ၂၀၁၅ နောက်ပိုင်း ပထမဆုံး သေဒဏ်ပေးတာလည်း ဖြစ်ပါတယ်။

“တရားခံ လေးဦးစလုံးကို နံနက် ငါးနာရီခွဲမှာ ကြိုးပေးလိုက်တာ ဖြစ်ပါတယ်။”လို့ ဆန်ဒစ်ဂိုးလ်က ပြောပါတယ်။

၂၀၁၂ ဒီဇင်ဘာ ၁၆ ရက် ညနေစောင်းမှာ ဆေးဝါးသိပ္ပံကျောင်းသူ အသက် ၂၃ နှစ်ရှိ ဂျိုယိုတီဆင်းချ်နဲ့ ယောက်ကျားလေးအဖော်ဖြစ်သူတို့ ဘတ်စ်ကားစီးပြီး အိမ်ပြန်ချိန်မှာ နိုင်ထက်စီးနင်း ပြုကျင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကျုးလွန်သူတွေဟာ ဆင်းချ်ရဲ့ ယောက်ကျားလေးအဖော်ကို မေ့မျောတဲ့အထိ ရိုက်နှက်ကြပြီး ဆင်းချ်ကိုလည်း အုပ်စုဖွဲ့အဓမ္မပြုကျင့်ကာ ကားပေါ်ကနေ ပစ်ချထားခဲ့ကြတာဖြစ်ပါတယ်။ ဆင်းချ်ဟာ အတွင်းဒဏ်ရာ တွေကြောင့် ၁၃ ရက်အကြာ စင်ကာပူဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

ဒီ ဖြစ်ရပ်ကြောင့် အိန္ဒိယနိုင်ငံအတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်ကျုးလွန်မှုတွေကို မီးမောင်းထိုးပြလိုက်ပြီး ဆန္ဒပြမှုတွေ နိုင်ငံတစ်ဝန်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါအပြင် အမျိုးသမီးတွေ ကိုယ်ကိုကို ကာကွယ်နိုင် ရေးအတွက် ကိုယ်ခံပညာ သင်ယူမှုတွေလည်း တွင်ကျယ်လာခဲ့ပါတယ်။

အခု တရားခံလေးဦးကို ကြိုးပေးကွပ်မျက်တာကို နိုင်ငံတစ်ဝန်း ထောက်ခံကြပြီး အကျဉ်းထောင် ပြင်ပမှာပါ လာရောက် ထောက်ခံမှုပြတာတွေ ရှိခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှ ၂၀၁၈ ခုနှစ်အတွင်း မုဒိမ်းမှုပေါင်း ၃၄၀၀၀ နီးပါး ဖြစ်ပွားခဲ့ကြောင်း တရားဝင်အချက်အလက်တွေအရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required