မိုနာကိုမင်းသား အဲလ်ဘတ် (၂) COVID -19 ကူးစက်ခံထားရ

မတ် ၂၀။             ။ မိုနာကိုပဒေသရာဇ်နိုင်ငံမှ မင်းသား Albert II  သည် COVID-19 ကူးစက်ခံနေရကြောင်း နန်းတော်ပြောရေးဆိုခွင့်ရှိသူက မတ် ၁၉ ရက်၌ ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံထားရကြောင်း ယခုသီတင်းပတ်အစောပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မင်းသား၏ကျန်းမာရေးအခြေအနေမှာ မစိုးရိမ်ရကြောင်း နန်းတော်ထုတ်ပြန်ချက်၌ ပါရှိသည်။

အသက် ၆၂ နှစ်ရှိ မင်းသားအဲလ်ဘတ်သည် သီးသန့်အခန်း၌ တာဝန်များဆက်လက်ထမ်းဆောင်နေပြီး အစိုးရအဖွဲ့ဝင်များနှင့် အတူပူးတွဲလုပ်ဆောင်နေဆဲဖြစ်ကြောင်းသိရသည်။

မင်းသားအဲလ်ဘတ်သည် ကမ္ဘာ့အချမ်းသာဆုံးတော်ဝင်မိသားစုများအနက် တစ်ဦးဖြစ်ကာ ၂၀၀၅ ခုနှစ်ကစပြီး နိုင်ငံ့ဦးသျှောင်အဖြစ် တရားဝင် တာဝန်ထမ်းဆောင်ခဲ့သည်။

မိုနာကိုနိုင်ငံသည် လူဦးရေ ၄၀ ၀၀၀ အောက်သာရှိပြီး COVID-19 ကူးစက်ခံရသူ ၆၃ ဦးရှိကာ ၂ ဦးသေဆုံးထားသည်။  

အိမ်နီးချင်း ပြင်သစ်နိုင်ငံသည်လည်း ဥရောပ၌ ကိုရိုနာကူးစက်မှုဒဏ်အခံရဆုံးနိုင်ငံများတွင် ပါဝင်ပြီး ယနေ့အချိန်ထိ သေဆုံးသူ ၃၇၂ ဦးနှင့် ကူးစက်ခံရသူ ၁၀ ၀၀၀ ကျော်ပြီဖြစ်သည်။

မိုနာကိုပြည်သူများကိုလည်း ရောဂါကာကွယ်ရေးအစီအမံများကိုလေးစားရန်နှင့် တခြားလူများနှင့် ထိတွေ့ဆက်ဆံမှု အနည်းဆုံးဖြစ်အောင်နေကြရန် မင်းသားက တိုက်တွန်းထားကြောင်း ၊ တင်းကျပ်သော စောင့်ကြည့်စစ် ဆေးမှုများဖြင့်သာ ကိုရိုနာဗိုင်းရပ်စ်သစ်ပျံ့နှံ့မှုကို တားဆီးနိုင်မှာဖြစ်ကြောင်း နန်းတော်ထုတ်ပြန်ချက်၌ ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly