Covid-19 ကြောင့် ဧပြီ ၃၀ အထိ နားရဦးမယ့် ပရီးမီးယားလိဂ်

ဘောလုံးပွဲ ပရိသတ်တွေအတွက်တော့ Covid-19 က တကယ့်ကို ဂြိုဟ်ဆိုးပါပဲ။ စီးရီးအေပြိုင်ပွဲက ဘယ်အချိန်မှ ပြန်စနိုင်မလဲ မသေချာတဲ့အချိန်မှာ လာလီဂါ ပြိုင်ပွဲကလည်း သူတို့ရဲ့ ပြိုင်ပွဲ ပြန်လည်ကျင်းပမယ့်ရက်ကို အတည်မပြုနိုင်ကြောင်း ကြေညာလိုက်ပါတယ်။

အခြားတစ်ဖက်မှာလည်း ဧပြီလ (၃)ရက်မှာ ဘောလုံးပွဲတွေ ပြန်လည်စတင်မယ်ဆိုတဲ့ ပရီးမီးယားလိဂ်က ဘောလုံးပွဲတွေ ပြန်လည်စတင်မယ့်ရက်ကို ဧပြီ ၃၀ အထိ ရွှေ့ဆိုင်းလိုက်ပြန်ပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ပရီးမီးယားလိဂ်အနေနဲ့ ဧပြီလ ၃၀ အထိ ပွဲစဉ်တွေကို ရွှေ့ဆိုင်းရမှာဖြစ်ကြောင်း ကြေညာလိုက်ပြီး အဲဒီအချိန်ကျရင်လည်း အခြေအနေကို ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

ဗြိတိန်ဟာ လက်ရှိအချိန်မှာ Covid-19 ရောဂါကူးစက်သူ (၂၅၀၀)ကျော် ရှိလာတာကြောင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ကိုယ်တိုင်က ဘောလုံးပြိုင်ပွဲတွေကို ပြန်လည်စတင်ခြင်းမပြုသေးဖို့ ညွှန်ကြားထားတာပါ။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ကြေညာချက်ထဲမှာတော့ ပရီးမီးယားလိဂ်၊ ချန်ပီယံရှစ် နဲ့ အမျိုးသမီးပြိုင်ပွဲတွေကို အချိန်ကာလတစ်ခုအထိ ရွှေ့ဆိုင်းသွားမှာဖြစ်ကြောင်းနဲ့ Covid-19 ရဲ့ အနေအထားဟာ လူပေါင်းများစွာကို သက်ရောက်သွားနိုင်တာကြောင့် ဘောလုံးပွဲတွေကို မဖြစ်မနေရပ်ဆိုင်းထားရမှာဖြစ်ကြောင်း ပါရှိပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က သူတို့အနေနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်းလိုက်တဲ့ UEFA ရဲ့ အစီအစဉ်ကို အပြည့််အဝ ထောက်ခံကြောင်းနဲ့ ဒီနှစ် ပရီးမီးယားလိဂ် ရာသီကို ပြီးဆုံးတဲ့အထိ ကစားပေးသွားမှာ ဖြစ်ကြောင်းလည်း အသိပေးလိုက်ပါတယ်။

အာဆင်နယ်အသင်းနည်းပြ အာတီတာ ၊ ချယ််လ်ဆီးတောင်ပံကစားသမား အိုဒွိုင်းတို့အပြင် အခြားပရီးမီးယားလိဂ် ကစားသမားအချို့ဆီမှာ Covid-19 တွေ့ရှိခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ်ဟာ ဒီရောဂါကို ကြောက်လန့်နေခဲ့ရတာပါ။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စာသင်ကျောင်းတွေကို ပိတ်ဖို့ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အခြားဥရောပနိုင်ငံတွေဆီ ခရီးသွားခြင်းကိုလည်း ပိတ်ပင်လိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required