ထိုင်းဆေးရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးကို အကူအညီပေးဖို့ နင်ဂျာစက်ရုပ်တွေ ဖြန့်ကြက်

ထိုင်းဆေးရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးကို အကူအညီပေးဖို့ နင်ဂျာစက်ရုပ်တွေ ဖြန့်ကြက်
Photo: AFP

ထိုင်းနိုင်ငံက ဆေးရုံတွေမှာ အပူချိန်တိုင်းတာရန်နဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ရှေ့တန်းကနေ တာဝန်ထမ်းဆောင်နေတဲ့ အလုပ်ဝန်ပိနေတဲ့ ဆေးရုံဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို အကာအကွယ်ပေးနိုင်ဖို့အတွက် နင်ဂျာစက်ရုပ်လေးတွေကို တပ်ဖြန့်ချထားပါတယ်။

ပြန်လည်နာလန်ထူလာတဲ့ လေဖြတ်လူနာတွေကို စောင့်ကြည့်ဖို့ ကနဦးက တီထွင်တည်ဆောက်ထားတဲ့ ဒီ နင်ဂျာစက်ရုပ်တွေကို ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ လျင်လျင်မြန်မြန်ပဲ ထည့်သွင်းအသုံးပြုနေတာပဲ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းမှာ လက်ရှိအထိ လူပေါင်း ၉၀၀၀ နီးပါး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

ဘန်ကောက်က ဆေးရုံလေးရုံမှာ ဖြန့်ကြက်ချထားတဲ့ ဒီ နင်ဂျာစက်ရုံလေးတွေဟာ ဆရာဝန်နဲ့ သူနာပြုတွေ ဗိုင်းရပ်စ်ကူးစက်မှု ဘေး နည်းပါးအောင် ဗီဒီယိုလင့်ကနေ လူနာတွေနဲ့ စကားပြောနိုင်အောင် ကူညီပေးနိုင်တဲ့ စက်ရုပ်လေးတွေပဲ ဖြစ်ပါတယ်။

“ဒီ စက်ရုပ်လေးတွေက အခန်းအပြင်မှာ ရှိနေတယ်။ အခန်းထဲက လူနာနဲ့ အပြင်ကနေ ဒီ စက်ရုပ်တွေကတစ်ဆင့် ပြောဆိုဆက်သွယ်တာ ဖြစ်တယ်။”လို့ ချူလာလောင်ကွန်းတက္ကသိုလ်မှ ဗီဘွန်းက ပြောပါတယ်။
နောက်ပိုင်း စက်ရုပ်မော်ဒယ်တွေကိုတော့ လူနာဆီ အစားအစာနဲ့ ဆေးဝါးတွေ ပို့ဆောင်ပေးနိုင်အောင် ဒီဇိုင်းဆွဲ တီထွင်မှာ ဖြစ်ပြီး ဆေးရုံအဆောင်တွေ ပိုးသတ်ရာမှာလည်း အားကိုးအားထား ပြုနိုင်မှာဖြစ်တယ်လို့ ဗီဘွန်းပြောပါတယ်။

ပြင်ပကိုယ်ထည်အရောင် အနက်ရောင် ရှိတာကြောင့် နင်ဂျာစက်ရုပ်တွေလို့ ခေါ်နေတဲ့ ဒီ စက်ရုပ်တွေကို နိုင်ငံအနှံ့က အခြားဆေးရုံ ဆယ်ရုံမှာ ဖြန့်ကြက်နိုင်ရေးအတွက် ဗီဘွန်းတို့ အင်ဂျင်နီယာအဖွဲ့ဟာ အရှိန်မြှင့်တီထွင်ထုတ်လုပ်နေရတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၂၀၀ ကျော်ထက်မနည်း ရှိနေပြီး အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ ပြန်လည်ကျန်းမာလို့ ဆေးရုံက ဆင်းနိုင်ခဲ့သူကတော့ ၄၀ ကျော် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required