ဗြိတိန်၌ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရာတွင် စစ်တပ်လည်း အင်တိုက်အားတိုက် ပါဝင်လုပ်ဆောင်မည်

ဗြိတိန်၌ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရာတွင် စစ်တပ်လည်း အင်တိုက်အားတိုက် ပါဝင်လုပ်ဆောင်မည်

မတ် ၁၉။           ။ ဗြိတိန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု တိုက်ဖျက်ရာတွင် စစ်တပ်လည်း တက်ကြွစွာ ပါဝင်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

အောက်စီဂျင်နှင့် အခြား အထောက်အကူပစ္စည်းများ သယ်ယူပို့ဆောင်ရန်၊ အရေးပေါ် ဆေးကုသမှုစင်တာများကို တာဝန်ယူစီမံခန့်ခွဲရန်၊ လူထု ဆူပူလှုပ်ရှားမှုများ ပေါ်ပေါက်ပါက ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်များကို အကူအညီပေးရန်နှင့် ရောဂါ ကုသနိုင်မည့် ဖြစ်နိုင်ဖွယ် ဆေးဝါးများ ရှာဖွေမှုတွင် ကူညီလုပ်ဆောင်ရန်အတွက် ဗြိတိန် စစ်တပ်က ပါဝင်လုပ်ဆောင်သွားမည်ဖြစ်သည်။

စစ်သားများ၊ သင်္ဘောသားများနှင့် လေတပ်သားများ ပါဝင်သည့် အင်အား ၁၀,၀၀၀ ခန့်အထိ မြေပြင်တွင် တပ်ဖြန့်သွားနိုင်မည် ဖြစ်သကဲ့သို့ ဗြိတိန် ကာကွယ်ရေး သိပ္ပံနှင့်နည်းပညာ ဓာတ်ခွဲခန်း (DSTL) ကလည်း ကုသမှု နည်းလမ်း ရှာဖွေရာတွင် အခြားသော အစိုးရ သိပ္ပံဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်သည်။

တချိန်တည်းမှာပင် “ကိုဗစ်-၁၉ တိုက်ဖျက်မှု ကူညီထောက်ပံ့ရေး တပ်ဖွဲ့” ကိုလည်း Hampshire ပြည်နယ် Aldershot မြို့ရှိ အမြဲတမ်း ပူးတွဲ ကွပ်ကဲရေးဌာနချုပ်ကနေ စီမံကွပ်ကဲသွားမည်ဖြစ်သည်။

ထို့ပြင် အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းသည့် အစိုးရဌာနများအတွက် စစ်တပ်မှ အစီအစဉ်ရေးဆွဲသူများကိုလည်း ထားရှိပေးသွားမည်ဟု သိရသည်။

အကြမ်းဖက်မှု သို့မဟုတ် သဘာဝဘေးဒုက္ခဆိုးများကဲ့သို့ ကြီးမားသည့် အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် အသင့်ရှိနေရသည့် စစ်တပ် တပ်ဖွဲ့ဝင် ၁၀,၀၀၀ အပြင် ကိုဗစ်-၁၉ တိုက်ဖျက်မှု ကူညီထောက်ပံ့ရေး တပ်ဖွဲ့ကိုပါ ထပ်တိုး အားဖြည့်ထားခြင်း ဖြစ်သည်။

နိုင်ငံရပ်ခြား တပ်ဖြန့်ချမှုများ ဆက်ရှိနေမည်ဖြစ်သော်လည်း ကနေဒါနှင့် ကင်ညာတို့တွင် နှစ်စဉ်ကျင်းပနေကျ လေ့ကျင့်မှုများကိုမူ အိမ်ရှင်နိုင်ငံများ၏ တောင်းဆိုချက်အရ ရွှေ့ဆိုင်းထားသည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required