မျှော်လင့်လှုပ်ရှားမှုတွေနဲ့ တောက်ပနေတဲ့လွှတ်တော်ကြီးဖြစ်လာအောင်

မျှော်လင့်လှုပ်ရှားမှုတွေနဲ့ တောက်ပနေတဲ့လွှတ်တော်ကြီးဖြစ်လာအောင်

နီမိုလှိုင်

ဒီတစ်ပတ် ကျွန်တော်တို့ Rainfall စာစောင်အတွက် မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲကြီးမှာပါဝင် အရွေးခံမယ့်အမျိုးသမီးတချို့နဲ့ပါဝင်ယှဉ်ပြိုင်ခွင့်မရလိုက်တဲ့ စာရေးသူ(မနီမိုလှိုင်) တို့ပြောတဲ့ စကားစမြည်ကိုပိုင်းဆစ်တင်ပြချင်ပါတယ်။

နေရာများစွာမှာမြင်တွေ့နေရတဲ့ အမျိုးသမီးများနဲ့နိုင်ငံရေးအခန်းကဏ္ဍ လို့ဆိုရင်လည်းမမှားပါဘူး။ဒါပေမယ့် ဒီစကားဝိုင်းမှာ နိုင်ငံရေး(သို့မဟုတ်) ရွေးကောက်ပွဲမှာပါဝင်လာအောင်ဆိုတဲ့ စကားမျိုးတွေမဟုတ်ဘဲ နိုင်ငံရေးနဲ့ ရွေးကောက်ပွဲမှာပါဝင်နေတဲ့ အမျိုးသမီးတို့ရဲ့နိုင်ငံရေးအမြင်နဲ့ အမျိုးသမီးရေးအမြင်၊ အတွေးတွေကိုရွေးနှုတ် တင်ပြထားတာဖြစ်ပါတယ်။ သူတို့ဘာလုပ်ချင်ကြတာလဲ။ ဘာလုပ်ဖို့လိုတယ်လို့ယူဆထားသလဲ။ဘာလုပ်နိုင်မလဲဆိုတာကိုဒီစကားဝိုင်းကနေတဆင့်စာရှုသူများပါဆက်လက်စဉ်းစားသုံးသပ်စေချင်ပါတယ်။

မနီမိုလှိုင်။      ။ ရွေးကောက်ပွဲဝင်ဖို့ဆုံးဖြတ်ခဲ့တဲ့ မလတ်(မရွှေရွှေစိန်လတ်) က NGO မှာတော်အတန်ထင် ရှားအောင်မြင်နေသူတစ်ယောက်ဖြစ်တယ်။ ကိုယ်တိုင်ကဖန်တီးအိမ်ဆိုတဲ့ အမျိုးသမီးအဖွဲ့ တစ်ခုကိုအောင် အောင်မြင်မြင်ထူထောင်ထားနိုင်တယ်။ အခုရွေးကောက်ပွဲဝင်ဖို့ဆုံးဖြတ်တဲ့အခါ ဖန်တီးအိမ်ကိုလုံးဝသူများလက် ထဲအပ်ခဲ့လိုက်တယ်ဆိုတော့ လွှတ်တော်ထဲရောက်တဲ့အခါ မလတ်ရဲ့ လုပ်နိုင်စွမ်းအားတွေအပြင် NGO မှာထက် လျော့သွားမယ်လို့မထင်ဘူးလား။

မလတ်။                  ။ မထင်ဘူး။ အစ်မ NGO လုပ်တုန်းကပုံစံတစ်မျိုးလုပ်ခဲ့ပြီးပြီ။လွှတ်တော်ထဲမှာပုံစံတစ်မျိုး၊ နိုင် ငံရေး၊ ဥပဒေပြုရေးပုံစံနဲ့ ပိုလုပ်သွားနိုင်မယ်လို့ထင်တယ်။ ဥပမာ- အစ်မအမျိုးသမီး အဖွဲ့အဖြစ် ဖန်တီးအိမ်ကိုထူထောင်ခဲ့တယ်။ အမျိုးသမီးကွန်ယက်တွေဖွဲ့တယ်။ အမျိုးသမီးရေးလှုပ်ရှားမှုတွေအများကြီးလုပ်တယ်။ ဒါပေမယ့် အစ်မတို့လုပ်သလောက် အခွင့်အရေး၊ ရလဒ်ပေါ်မလာခဲ့ဘူး။ မျိုးစောင့်ဥပဒေဆိုပါတော့၊ အမှားကြီးလုပ်ခဲ့တယ်။ ဒါပေမယ့် ဒါကြီးအတည်ဖြစ်သွားတယ်။ အစ်မတို့ကြိုးပမ်းမှုကအရာမထင်ဖြစ်သွားတယ်။ အဲ့ဒီတော့ အစ်မသုံးသပ်ကြည့်လိုက်တဲ့အခါ ကိုယ်လုပ်တာက အပြင်ကပဲဆိုတဲ့ အနေအထားကိုတွေ့လာတယ်။ NGO အဖွဲ့အနေနဲ့ အသံပဲထွက်လို့ရသလိုဖြစ်နေတယ်။အကယ်၍လွှတ်တော်ထဲကဆိုရင် ဒါကိုအချက်အလက်နဲ့ပြောလို့ရတယ်။ လွှတ်တော်ထဲက လူတွေ ကိုဝေမျှနိုင်မယ်။ ဒါကိုငါလည်းလုပ်နိုင်တယ်လို့ယုံကြည်တဲ့အတွက် လုပ်ကြည့်ချင်လို့ ဝင်ခဲ့တာ။

မနီမိုလှိုင်။      ။ ဒါဆိုရင် အမျိုးသမီးတွေရဲ့အရေးကိစ္စကိုကိုင်တွယ်နိုင်ဖို့အခုနိုင်ငံတကာမှာ ကြားနေရသလို Quota (ကိုတာ)စနစ်တွေကျင့်သုံးဖို့၊ ဥပဒေနဲ့ပြဌာန်းကျင့်သုံးပြီး အမျိုးသမီးခေါင်းဆောင်တွေ ပေါ်ထွန်းလာအောင်လုပ်ကြမယ်ဆိုရင်ရော။ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ အရေးစိုက်ခံလာရနိုင်မလား။ ဒီနေ့အမျိုးသမီးတွေရဲ့ဒုက္ခလျော့နည်းအောင် အထောက်အကူဖြစ် မလား။ တကယ်က Quota စနစ်ဟာကောင်းပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ဒုက္ခအဝဝကိုထိရောက်အောင်ဖြေရှင်းပေးနိုင်မယ့် ခေါင်းဆောင်တွေပေါ်ထွန်းလာဖို့က Quota စနစ်တစ်ခုတည်းနဲ့တော့ မပြည့်စုံနိုင်ပြန်ဘူးလို့ထင်မိတယ်။ မဇင်မာအောင်အနေနဲ့ဒီအပေါ်မှာတစ်ခုခုပြောပေးပါလား။

မဇင်မာအောင်။                 ။ ကျွန်မတို့ပြောနေတဲ့ Quota စနစ်ဆိုတာ ပြဿနာရဲ့ဖြေရှင်းနည်းမဟုတ်ပြန်ဘူး။ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေ ပါဝင်လာဖို့ဆိုရင် ပြုစုပျိုးထောင်ရမယ်။ သူတို့အတွက် လေ့လာသင်ယူနိုင်ခွင့်တွေ ကျွန်မတို့ဖန်တီးပေးဖို့လိုတယ်။ အဲ့ဒီလိုစဉ်းစားပြန်တော့ အမျိုးသမီးတစ်ယောက် သူ့အရည်အသွေးကိုမြှင့် တင်ဖို့ဆိုတာ လုံလောက်တဲ့အချိန်လိုတယ်။ ကျွန်မတို့မြန်မာ့ယဉ်ကျေးမှုမှာ ပြန်ကြည့်လိုက်ရင် အမျိုးသမီးတစ်ယောက် သူ့ကိုယ်သူအရည်အချင်းအတွက် ပြုစုပျိုးထောင်ဖို့မပြောနဲ့ အပြင်ထွက်လာဖို့တောင် သူ့မိသားစုအတွက် သူ့အိမ်ထောင်အတွက် ပေးဆပ်နေရတဲ့အချိန်တွေက များလွန်းတယ်။ ဒီနေ့ကျွန်မတို့မျက်စိရှေ့မှာ မြင်နေရတဲ့ တစ်စုံတစ်ရာရှေ့တန်းရောက်နေ ဦးဆောင်နေနိုင်သော အမျိုးသမီးတိုင်းကိုကြည့်လိုက်။ သူတို့ရဲ့အချိန်တွေအတွက် သူတို့ရဲ့အိမ်ထောင့်တာဝန်တွေကို သူတို့ရဲ့မိသားစုတွေက ခွဲဝေယူပေးထားတာ တွေ့ရလိမ့်မယ်။ သူတို့ကိုယ်တိုင်ရဲ့လေ့လာမှု၊ စိတ်ဝင်စားမှုတွေအတွက် သူတို့ရဲ့အချိန်ကို ကိုယ်တိုင်ရယူသုံးစွဲနိုင်တာကို တွေ့ရလိမ့်မယ်။ အဲ့တော့ အမျိုးသမီးတွေ မိသားစုထဲမှာ လူမှုယဉ်ကျေးမှုဝန်းကျင်မှာ သူတို့ချည်းထမ်းထားရတဲ့ဝန်တွေ လျော့ကျလာပြီး ကဏ္ဍပေါင်းစုံမှာပါဝင်လာဖို့၊ ထိပ်ပိုင်းထိတက်လာဖို့ဆိုတာ ကျွန်မတို့ရဲ့ပတ်ဝန်းကျင်က ဝိုင်းဝန်းပျိုးထောင်ပေးဖို့လိုပါတယ်။

Quota စနစ်လို့ ပြောရင် အမျိုးသမီးတွေအတွက် ဒါဟာလုပ်တော့လုပ်ရပါမယ်။ ဒါပေမယ့်ဒါချည်းပဲနဲ့တော့ မရဘူး။ အဲ့ဒါကအပေါ်ယံကိစ္စပါ။ ပြောရရင်ပြဿနာရဲ့ အသီးအပွင့်နဲ့ အရင်းအမြစ်ပင်စည်ဆိုတာမျိုး ဆက်စပ်ကြည့်ရလိမ့်မယ်။ Problem Tree ပေါ့။ အမျိုးသမီးတွေရဲ့လူမှုဒုက္ခလျော့ကျလာစေရေး၊ အမျိုးသမီးတွေရဲ့ ဦးဆောင်မှု ရာခိုင်နှုန်းတိုးတက်လာစေရေး၊ အမျိုးသမီးတွေရဲ့ ပါဝင်မှုတွေကဏ္ဍပေါင်းစုံမှာရှိနေရေးဆိုတဲ့ အသီးအပွင့်တွေ ရလာအောင်လုပ်ရမယ်။ ပြဿနာရဲ့အရင်းအမြစ်ကဘာလဲ။ အဲ့ဒါကိုဘယ်လိုပြောင်းလဲပစ်ရမလဲ။ အဲ့ဒီပြောင်းလဲလိုက်တဲ့ သစ်ပင်ရှင်သန်ကြီးထွားမှ ကိုယ်လိုချင်တဲ့အသီးအပွင့် ရလာမှာမို့ ဒီအပင်ရှင်သန်ကြီးထွားအောင် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာကျွေးသလို ဘာတွေလုပ်ကြမလဲ။ ကျွန်မအမြင်တော့ အမျိုးသမီးတွေအတွက် စွမ်းရည်မြင့်လုပ်ငန်းတွေလုပ်ရမယ်။ အဲ့ဒီစွမ်းရည်မြင့်လုပ်ငန်းတွေ လုပ်ရမယ်။ အဲ့ဒီစွမ်းရည်မြင့်လုပ်ငန်းတွေ မလုပ်ဘဲနဲ့တော့ အမျိုးသမီးတွေ ဒုက္ခမလျော့ကျလာနိုင်ဘူး။ ခေါင်းဆောင်မှုဖြစ်စဉ်ကို တက်မလာနိုင်ဘူး။

မနီမိုလှိုင်။      ။ ဟုတ်ကဲ့ မလတ်ကရောဘာတွေဖြည့်စွက်ချင်သလဲ။

မလတ်။                  ။ အမျိုးသမီးတွေဖွံ့ဖြိုးတိုးတက်အောင်ဆိုရင် ကျန်းမာရေးကိစ္စ၊ ပညာရေးကိစ္စမျိုးတွေကိုချည်းပြောတာမဟုတ်ဘူး။ ဒီထက်မြင့်တယ်။ ခေါင်းဆောင်မှု၊ ဥပမာ- စွမ်းအင်ကဏ္ဍမှာအမျိုးသမီးတစ်ယောက်ရဲ့စွမ်းအင်ကိုဘယ်လိုထုတ်ယူမလဲ၊ ဘယ်လိုသုံးစွဲမလဲ၊ ဘယ်လိုစွမ်းအင်အရင်းအမြစ်က အကောင်းဆုံးလဲဆိုတာကိုပါ တွေးခေါ်၊ လေ့လာသင်ယူနိုင်ပြီး ပြန်လည်အသုံးချ ဦးဆောင်မှုပေးနိုင်တဲ့အဆင့်မျိုး။ ဥပမာ- အမျိုးသမီးတစ် ယောက် နိုင်ငံရေးကို စိတ်ဝင်စားရင် ထွန်းပေါက်အောင်လုပ်ပေးဖို့လိုတယ်။ အခု NGO တွေလုပ်ပေးတယ်။ ဒါပေမယ့် အရေအတွက်သိပ်နည်းတယ်။ မထိရောက်ဘူး။ ပြီးတော့အဲ့ဒီအတွက်ကုန်ကျမယ့်ငွေကြေးကို နိုင်ငံခြားကပေးတယ်။ ဒါမျိုးရှိတာကောင်းပါတယ်။ ဒါပေမယ့် အစ်မက ကိုယ့်နိုင်ငံအစိုးရကနိုင်ငံဘတ်ဂျတ်နဲ့ လုပ်ပေးတာ၊ စနစ်တကျ အောက်ခြေကစပြီး ပျိုးထောင်တာမျိုးဖြစ်စေချင်တယ်။

မနီမိုလှိုင်။      ။ ဒါတွေနဲ့ပတ်သက်လို့ တစ်ဆက်တည်းမေးချင်တာက အမျိုးသမီးရေးကိုအများကြီးမြှင့်တင် ချင်လို့ပဲဖြစ်စေ၊ နိုင်ငံရေးအရအမျိုးသမီးတွေရဲ့အမြင်၊ လုပ်ဆောင်မှုတွေပါဝင်လာဖို့ပဲဖြစ်စေ လွှတ်တော်ထဲကိုသွားဖို့ကြိုးစားကြတဲ့ အစ်မတို့အဖို့ လက်ရှိနိုင်ငံရေးအခြေအနေဟာ မျှော်လင့်မထားတဲ့ပြဿနာတွေ ရှိလာတာကိုတွေ့ရတယ်။ ဥပမာ- လူငယ်၊ အမျိုးသမီးနဲ့တိုင်းရင်းသားတွေကို ဦးစားပေးပြီး ကိုယ်စားလှယ်အဖြစ် ရွေးချယ်မယ်ဆိုတဲ့ အတိုက်အခံပါတီကြီးတစ်ခုမှာကအစ လွဲချော်မှုတွေဖြစ်လာတာတွေ့ရတယ်။ ပြီးတော့ အမျိုးသမီးရေးအမြင်တွေ အပါအဝင် လွှတ်တော်ထဲကို နိုင်ငံရေးအမြင်နဲ့ ဝင်ရောက်လာတဲ့ အစ်မတို့အဖို့ ဒီကာလဟာရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကာလ၊ လွှတ်တော်ထဲမှာ ရုန်းကန်ရမယ့်ကာလတွေဟာ သိပ်စိန်ခေါ်မှုတွေများတွေ့ လာရမလား။ အဲ့ဒီအတွက်ဘာတွေ စဉ်းစားထားပြီးပြီလဲ။

မဇင်မာအောင်။                 ။ အဲ့ဒီအတွက် ကျွန်မတို့ရင်းနှီးသူတွေ စကားပြောဖြစ်ကြတဲ့အခါ ကျွန်မအတွက် နည်းနည်းအခက်အခဲရှိလာမယ်လို့ ပြောကြပါတယ်။ ဟုတ်တော့ဟုတ်ပါတယ်။ ကျွန်မကတော့ ပါတီရဲ့ပေါ်လစီကို ကြည့်ပြီးရွေးပါလို့ပြောမယ်။ ပါတီတွေမှာ Ideology ရှိပြီးသားပါ။ မူပေါ့။ လူကဘယ်လောက်ပဲတော်နေတော်နေ သူရဲ့ပါတီပေါ်လစီကို မကျော်နိုင်ပါဘူး။ ကျော်လို့မရပါဘူး။ ပါတီကဒါကိုပဲလုပ်မယ်။ ဒါကိုပဲရွေးချယ်မယ်ရမယ် ဆိုရင် အဲ့ဒီလွှတ်တော်ကိုယ်စားလှယ်က ဒါကိုကျော်ပြီးလုပ်လို့မရပါဘူး။ အဲ့ဒီတော့မူကိုကြည့်ပါ။ ပါတီရဲ့မူကို ကြည့်ပြီး မဲပေးပါလို့ပြောချင်ပါတယ်။

မလတ်။                  ။ ဟုတ်တယ်။ လွှတ်တော်ထဲမှာလည်း အမျိုးသားအများစုပဲ ဖြစ်နေတဲ့အပြင် Gender Blind (ကျား၊မရေးရာအမြင်မရှိသူ) တွေတွေ့ရင် ကျွန်မတို့ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေရှိနေပါတယ်။ ဒါပေမယ့် ကျွန်မခုနကပြောခဲ့သလို အချက်အလက်နဲ့ချပြရမှာပါ။ မျှတပြီးဘက်လိုက်မှုကင်းတဲ့ နောက်ဆက်တွဲပြဿနာများစွာ မရှာဖွေတဲ့ ဥပဒေတွေဖြစ်အောင် ကျွန်မတု့ိကြိုးစားရမှာပါ။

မနီမိုလှိုင်။      ။ နောက်ဆုံးပိတ်အနေနဲ့ မဇင်မာအောင်ကအခြားနိုင်ငံတွေမှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင်တွေအကြောင်း အတိုချုပ်ပြောပြပေးပါလား။

မဇင်မာအောင်။       ။ ကျွန်မအာဖဂန်ကအမျိုးသားတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သိတဲ့အတိုင်းပဲ အာဖဂန်ဆိုတာ ရွေးကောက်ပွဲနဲ့တောင် တာလီဘန်လို အစိုးရတက်လာသေးတဲ့နိုင်ငံ။ အကြမ်းဖက်မှုတွေနဲ့ ကျော်ကြားတဲ့နိုင်ငံ။ ဒါပေမယ့် အဲ့ဒီနိုင်ငံမှာ ရွေးကောက်ပွဲကော်မရှင်အတွက် ဥက္ကဋ္ဌနဲ့တခြားအဖွဲ့ဝင်တချို့တလေကိုပါ လစာကြီးကြီးနဲ့ တကယ့်ပညာရှင် (Professional)ကို ငှားထားတာ။ ကျွန်မနဲ့စကားပြောတဲ့သူက အာဖဂန်နစ္စတန်က လစာအများကြီးပေးပြီးငှားထားတဲ့ ရွေးကောက်ပွဲကော်မရှင်ပညာရှင်။ သူကကော်မရှင်မှာဥက္ကဋ္ဌပေါ့။ အစိုးရကငှားထားတာ။ ပြီးတော့ သူတို့ဆီမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဖြစ်ချင်ရင် အလုပ်လျှောက်သလို လျှောက်ရတာ။ ကော်မရှင်သက်တမ်းက ၅ နှစ်။ ၅ နှစ်ပြီးရင်ဖျက်သိမ်းရတယ်။ အသစ်ပြန်ဖွဲ့တယ်။ ပညာရှင်ကိုလည်း ဥက္ကဋ္ဌအဖြစ် ထပ်ငှားရတယ်။

ပြီးတော့ အနောက်နိုင်ငံတွေ ဥပမာ- အမေရိကန်နိုင်ငံ၊ သူတို့နိုင်ငံမှာဖက်ဒရယ် အီလက်ရှင်ကော်မရှင်ဆိုတာရှိတယ်။ လွတ်လပ်တဲ့အေဂျင်စီလို့ ခေါ်ဝေါ်သုံးနှုန်းတယ်။ သူတို့ကမဲဆွယ်စည်းရုံးမှုတွေမှာ ပါတီတွေ၊ ကိုယ်စားလှယ်တွေ ငွေကြေးဘယ်ကရတယ်။ ဘယ်လိုသုံးစွဲတယ်ဆိုတာကို အဓိကထားကြည့်တယ်။ ပွင့်လင်းမြင်သာမှု အတွက် ပြည်သူကိုချပြတယ်။ ကော်မရှင်မှာအဖွဲ့ဝင် ၆ ယောက်ရှိပြီး သမ္မတကခန့်အပ်တယ်။ ပါတီစုံကလူတွေ ပါတယ်။ တစ်ပါတီကိုအများဆုံးလူ ၃ ယောက်ပဲခန့်ခွင့်ရှိတယ်။ ကော်မရှင်သက်တမ်းက ၆ နှစ်ရှိပြီးတော့ ကော်မရှင်အဖွဲ့ဝင် ၂ ဦးဆီဟာ ၂ နှစ် တစ်ကြိမ်ကျ ချိတ်ဆက်ပြီး လဲလှယ်သွားတာပေါ့။ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ဥပဒေတွေအတွက် မဲခွဲပြီးဆုံးဖြတ်ရတယ်။ ၄ မဲရှိနိုင်တယ်။ ဒီမှာ ၃ မဲ ၃ မဲဖြစ်နေလို့ ဆုံးဖြတ်ချက်ချမရတဲ့ အခက်အခဲမျိုးတွေတော့ ရှိတာပေါ့။ ဘက်လိုက်လို့မရတော့တဲ့ ဖွဲ့စည်းမှုမျိုးတော့ဖြစ်တယ်။ ပါတီစုံကအဓိကပါတီကြီး ၂ ခုကလူတွေ ပါဝင်နေတာကိုး။ ကျွန်မတို့နိုင်ငံမှာလည်း တစ်နေနေ့ ဒီလိုရွေးကောက်ပွဲကော်မရှင် ဖြစ်လာနိုင်ဖို့ အလားအလာတော့ရှိပါတယ်။

ဒီစကားဝိုင်းမှာဆွေးနွေးခဲ့ကြတဲ့ အချက်အလက်တွေကို ဖတ်ရှုရင်းအားတက်စရာတွေတော့ တွေ့ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အနည်းဆုံးတော့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ်မယ့် မြန်မာနိုင်ငံ ရဲ့ရွေးကောက်ပွဲမှာယုံယုံကြည်ကြည်နဲ့ မဲပေးလို့ရမယ့် အမျိုးသမီးကိုယ်စားလှယ်လောင်းနှစ်ဦးကို တွေ့ရှိသွားလိမ့်မယ်လို့ ထင်ပါတယ်။ ပြီးတော့ သူတို့ရဲ့ယုံကြည်ချက်၊ သူတို့ရဲ့ခံယူချက်တွေကြောင့် လှုပ်ရှားတောက်ပလာမယ့် မြန်မာနိုင်ငံရဲ့လွှတ် တော်အစည်းအဝေးကြီးကနေဘယ်လိုမျှော်လင့်ချက်တွေရှိလာမလဲ။အဲ့ဒီမျှော်လင့်ချက်တွေ တကယ်လက် တွေ့ဖြစ်လာအောင်စာရှုသူတွေ လွှတ်တော်ပြင်ပ ကနေဘာလုပ်ပေးကြရင် ကောင်းမလဲတွေးရင်းနဲ့ပေါ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly