COVID-19 ကြောင့် နိုင်ငံခြားသား ဝင်ရောက်မှု ကောင့်သောင်း-ရနောင်းနယ်စပ်ဂိတ် ယာယီပိတ်

COVID-19 ကြောင့် နိုင်ငံခြားသား ဝင်ရောက်မှု ကောင့်သောင်း-ရနောင်းနယ်စပ်ဂိတ် ယာယီပိတ်
ပုံ- ကော့သောင်းမြို့က ဆိပ်ကမ်း(ပုံ- ဒီမိုးသွေး(မြိတ်)

ကော့သောင်း၊ မတ်လ ၁၉။                ။ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ် ကာကွယ်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကော့သောင်း- ရနောင်း နယ်စပ်ဂိတ်ကို မတ်လ ၁၉ ရက်က ယာယီပိတ်ထားလိုက်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် ထီခီးနယ်စပ်၊ မောတောင် နယ်စပ်နှင့် ရနောင်း နယ်စပ်ဂိတ် ဟုဆိုကာ နယ်စပ်ဂိတ် ၃ ခု ရှိနေကြောင်း၊ ထိုနယ်စပ်ဂိတ် ၃ ခုမှ ထီခီးနယ်ဂိတ်နှင့် ရနောင်း နယ်စပ်ဂိတ်တို့ တွင် ပြည်ဝင်ခွင့် ဗီဇာဖြင့် ဝင်ရောက်လာမည့် တတိယ နိုင်ငံသားများကို မတ်လ ၁၉ ရက်နေ့မှ စတင်ကာ ယာယီ ပိတ်ထား ပြီး ဖြစ်ကြောင်း သိရသည်။

ကော့သောင်းမြို့ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားရေး ဦးစီးဌာနမှ ဦးအာကာထွန်းက “ကော့သောင်း- ရနောင်း နယ်စပ်ဂိတ် အဝင်/ထွက်မှာ ပြည်ဝင်ခွင့် ဗီဇာနဲ့ ဝင်ရောက်လာမယ့် တတိယ နိုင်ငံသားနဲ့ အလုပ်အကိုင် ဗီဇာနဲ့ သွားရောက်မယ့် မြန်မာ အလုပ်သမားတွေကို သွားလာခွင့် ပိတ်လိုက်တာ ဖြစ်တယ်”ဟု ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ နယ်စပ်ဂိတ် ၃ ခုကို ပိတ်ထားသော်လည်း ထိုင်း-မြန်မာ နှစ်နိုင်ငံသားများကိုတော့ ဝင်/ထွက် သွားလာခွင့်ပြုထားပြီး တတိယ နိုင်ငံသားများကိုသာ ဝင်/ထွက်ခွင့် ပိတ်ထားကြောင်း ဒေသခံများက ဆိုသည်။

-COVID-19 ကာကွယ်ရေး လုပ်နေသော ကျန်းမာရေးဝန်ထမ်းများ (ပုံ- ဒီမိုးသွေး(မြိတ်)

မောတောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသူရိန်မင်းက“ကျွန်တော်တို့ မောတောင် နယ်စပ်ဂိတ်က အထူး ယာယီဂိတ် ဖြစ်တာ ကြောင့် တတိယ နိုင်ငံသားများ ဝင်ရောက်ခွင့် မရှိပါဘူး၊ မြန်မာ နိုင်ငံသားနဲ့ ထိုင်းနိုင်ငံသားတွေတော့ ပုံမှန် အတိုင်း ဝင်/ ထွက် ခွင့်တော့ ရှိနေပါတယ်”ဟု ပြောသည်။

နယ်စပ်ဂိတ် ၂ ခုမှာ လုံး၀ ပိတ်ထားခြင်း မဟုတ်ဘဲ တတိယ နိုင်ငံသားများကိုသာ ပြည်ဝင်ခွင့် ပိတ်ထားခြင်းကြောင့် လက်ရှိမှာ ကုန်သွယ်မှုများ ရပ်ဆိုင်းခြင်း မရှိသေးကြောင်း ကော့သောင်းမြို့ခံ ပြည်သူများထံမှ သိရသည်။

ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက “လက်ရှိ COVID-19 ကူးစက်မြန် ရောဂါကြောင့် မြန်မာနိုင်ငံ သားနဲ့ ထိုင်းနိုင်ငံသားများမှအပ နှစ်နိုင်ငံအကြား ဝင်/ထွက် သွားလာခွင့် ရှိနေပါသေးတယ်၊ ဒါပေမဲ့ တတိယ နိုင်ငံသားကို လုံး၀ ဝင်ခွင့်ပိတ်တာ ဖြစ်တယ်”ဟု ပြောသည်။

လက်ရှိ ယာယီပိတ်လိုက်သော နယ်စပ်ဂိတ် ၃ ခုအနက် ထီခီးနှင့် ရနောင်း နယ်စပ်ဂိတ်တို့တွင် ၂၀၁၈ ခုနှစ်က တတိယ နိုင်ငံသား ဝင်ရောက်မှု စုစုပေါင်း ၃၅၁၃၁၂ ဦးရှိခဲ့ပြီး ၂၀၁၉ ခုနှစ်၌ ၃၂၀၆၀၃ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

သို့သော် ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID-19 ရောဂါ ကူးစက်မှု ဖြစ်ပွားလာသည့်နောက် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ မတ်လ အထိ ထီခီးနယ်စပ်ဂိတ်နှင့် ရနောင်းနယ်စပ်ဂိတ်တို့မှာ တတိယနိုင်ငံခြားသား ဝင်ရောက်မှု လူဦးရေ ၅၀၀၀ နီးပါး ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required