COVID-19 တိုက်ဖျက်ရေး အရေးပေါ်အစီအမံများဖော်ဆောင်ရာ၌ မီဒီယာလွတ်လပ်ခွင့်အပေါ် မထိခိုက်စေရေး IPI တိုက်တွန်း

COVID-19 တိုက်ဖျက်ရေး အရေးပေါ်အစီအမံများဖော်ဆောင်ရာ၌ မီဒီယာလွတ်လပ်ခွင့်အပေါ် မထိခိုက်စေရေး IPI တိုက်တွန်း

မတ် ၁၉။            ။ နိုင်ငံတကာစာနယ်ဇင်းအဖွဲ့အစည်း (IPI)၊ ကမ္ဘာလုံးဆိုင်ရာအယ်ဒီတာများကွန်ရက်၊ မီဒီယာအမှုဆောင်အရာရှိချုပ်များနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်အတွက်ဦးဆောင်လှုပ်ရှားသူသတင်းထောက်များက ကမ္ဘာ့နိုင်ငံအသီးသီးမှအစိုးရများကို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်စပ်လျဉ်းပြီး  လွတ်လပ်သောသတင်းမီဒီယာများ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုပေးရန်နှင့် online နှင့် offline (ကြော်ငြာ stand၊ လမ်းဘေးဆိုင်းဘုတ်၊ တီဗီကြော်ငြာ၊ သတင်းစာကြော်ငြာ စသည်) ၌ဖော်ပြထားသည့် သတင်းအချက်အလက်များကို ဆင်ဆာဖြတ်ရန် သို့မဟုတ် ခေတ်နောက်ပြန်ဆွဲသော စည်းမျဉ်းများကို အကောင်အထည်ဖော်ရာ၌ ရောဂါထိန်းချုပ်ရေးအစီအမံများကို အသုံးချခံ မလုပ်သင့်ကြောင်း  မတ်လ ၁၇ ရက်က တိုက်တွန်းပြောဆိုလိုက်သည်။

“COVID-19 ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအတွက် ခြိမ်းခြောက်မှုကြီးတစ်ခုလိုဖြစ်နေပြီး အစိုးရတွေဟာ နိုင်ငံသားတွေရဲ့ ကျန်းမာရေးကိုကာကွယ်စောင့်ရှောက်ပေးဖို့ အရေးပေါ်စီမံချက်တွေ လုပ်ဆောင် နေရပါတယ် ၊ ဗိုင်းရပ်စ်ထိန်းချုပ်နိုင်ရေး အရေးကြီးစီမံချက်တွေကို ပြည်သူတွေဆီ သတင်းပေးဖို့နဲ့ ပြီးပြည့်စုံတဲ့စီမံချက်တွေအကြောင်း အပြန်အလှန်ဆွေးနွေးပွဲတွေ လုပ်နိုင်ဖို့ သတင်းစီးဆင်းမှုလွတ်လပ်ဖို့က ပိုအရေး ပါပါတယ်” ဟု IPI အမှုဆောင်ဒါရိုက်တာ Barbara Trionfi ကပြောသည်။

ဆက်လက်ပြီး Trionfi က “လုပ်ကြံသတင်းတွေများပြားနေတဲ့ခေတ်ကြီးမှာ ပြည်သူလူထုဟာ ယုံကြည်အားထားရတဲ့ သတင်းတွေလိုအပ်ပါတယ်၊ COVID-19 တိုက်ဖျက်ရာမှာ အရေးပါတဲ့ မဟာမိတ်ဖြစ်တဲ့ လွတ်လပ်သော မီဒီယာများရဲ့ လုပ်ရပ်ကို အစိုးရက ထောက်ခံဖို့ အခုအခြေအနေမှာ အသက်တမျှ အရေးကြီးတယ်” ဟု ပြောသည်။

အာဏာပိုင်များသည် လက်ရှိ ကပ်ရောဂါကို အသုံးချကာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပါအဝင် လုပ်ပိုင်ခွင့်များအပေါ် ပြင်းထန်သောထိန်းချုပ်ဟန့်တားမှုအသစ်များ ချမှတ်လာမည်ကို Trionfi စိုးရိမ်သည်ဟု ဆိုသည်။

၎င်းကပ်ရောဂါသည် ငြိမ်းချမ်းသည့်ကာလ၌ တစ်ဦးချင်းစီအပေါ်  ကြီးကြီးမားမားထိန်းချုပ်ကန့်သတ်ထားကြောင်း၊ သို့ပါ၍ COVID-19 တိုက်ဖျက်ရန် မည်သည့်စီမံချက်မဆို လုပ်ဆောင်ရမှာဖြစ်ကြောင်း၊  စီမံချက်များသည် လက်ရှိ ကပ်ရောဂါဖြေရှင်းရာမှာ အဟန့်အတားဖြစ်နေသဖြင့် အခြေခံကျသော စည်းမျဉ်းများကို ယာယီချိုးဖောက်ရန်လိုအပ်ကြောင်း Trionfi က သူမအမြင်ကိုပြောသည်။

ကူးစက်ရောဂါကြောင့် သေဆုံးမှုနှုန်း များပြားကာ စီးပွားရေးအခက်အခဲများဖြစ်လာပြီး ထိန်းချုပ်ခံပြည်သူများ လှုပ်လှုပ်ရွရွ ဖြစ်လာသည့်အချိန်တွင် အစိုးရများက မီဒီယာကို စိစစ်ထိန်းချုပ်မှု ကြီးစိုးလာမည်ဖြစ်သည်။ အထူးသဖြင့် အာဏာရှင်ဆန်သောနိုင်ငံများတွင် အဖြစ်များပေမည်။ ထို့ကြောင့် ခေတ်နောက်ပြန်ဆွဲ စည်းမျဉ်းစည်းကမ်းများဖြင့် ယခုကပ်ရောဂါကို အသုံးမချသင့်ကြောင်း၊ ကပ်ရောဂါနှင့် အကျိုးဆက်အကြောင်း သတင်းယူ မှုအပေါ်  သက်ရောက်မှုရှိနိုင်ကြောင်း၊ COVID-19 ကူးစက်ရောဂါ ဆုံးခန်းတိုင်သွားသည့်တိုင် မီဒီယာလွတ်လပ်မှုကို တားမြစ်ရန်နှင့် အရေးပါသောဖွင့်ဟပြောဆိုမှုများ ဆိတ်သုဉ်းသွားစေရန် ထိုစည်းကမ်းများ ဆက်ရှိနေ နိုင်ကြောင်း Tronfi က သတိပေးထားသည်။

သတင်းထောက်များသည် ကျန်းမာရေးကပ်ဆိုက်မှုသတင်းတင်ဆက်ရာမှာ အကောင်းဆုံးလုပ်ဆောင်နိုင်တာကြောင့် အစိုးရများအနေဖြင့် မီဒီယာများနှင့် ပူးပေါင်းလုပ်ဆောင်ဖို့ IPI က မေတ္တာရပ်ခံလိုက်ခြင်းဖြစ်သည်။

COVID-19 ကပ်ဆိုက်နေသမျှကာလပတ်လုံး မီဒီယာလွတ်လပ်ခွင့်အပေါ် ကန့်သတ်ချုပ်ခြယ်မှုများအား IPI က စနစ်တကျစောင့်ကြည့်သွားမှာဖြစ်ပြီး ထိုအချက်အလက်များအား ၎င်းတို့၏ ဝက်ဘ်ဆိုက်နှင့် လူမှုမီဒီယာ စာမျက်နှာများ၌ ဖော်ပြသွားမည်ဟု ဆိုသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required