ရုရှားမှာ ကန့်ကွက်နေတဲ့ကြားက ရေဒီယိုသတ္တိကြွစွန့်ပစ်ရာအပေါ်မှာ အဝေးပြေးလမ်း စတင်ဖောက်လုပ်

ရုရှားမှာ ကန့်ကွက်နေတဲ့ကြားက ရေဒီယိုသတ္တိကြွစွန့်ပစ်ရာအပေါ်မှာ အဝေးပြေးလမ်း စတင်ဖောက်လုပ်

မတ်လ ၁၉။         ။ ရုရှားနိုင်ငံမှာ ပြည်သူတွေက လအတော်ကြာ ဆန့်ကျင်ကန့်ကွက်နေပြီး သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေက သတိပေးနေတဲ့ကြားမှာပဲ ဆိုဗီယက်ခေတ်က ရေဒီယိုသတ္တိကြွပစ္စည်းတွေ စွန့်ပစ်ရာ အမှိုက်ပုံပေါ်မှာ အဝေးပြေးလမ်း ဖောက်လုပ်ရေးကို အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ စတင်တည်ဆောက်ဖောက်လုပ်ပါတယ်။

ဆိုဗီယက်ခေတ်က ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းတွေ မြုပ်နှံထားရာ မော်စကိုတောင်ပိုင်းက သစ်ပင်တန်းနဲ့ တောင်စောင်းပေါ်မှာ ရှစ်လမ်းသွားလမ်းမကြီး ဖောက်လုပ်မယ့် စီမံကိန်းကို Greenpeace နဲ့ အခြားတက်ကြွ လှုပ်ရှားသူတွေက ရေရှည်ဆန့်ကျင်လာခဲ့တာပါ။

“Moscow Polymetals စက်ရုံရဲ့ ဘေးမှာ လမ်းဖောက်လုပ်ရေးတွေကို စတင်နေပြီဖြစ်ပါတယ်။”လို့ ရေဒီယိုသတ္တိကြွပစ္စည်းတွေ စွန့်ပစ်ခဲ့တဲ့ စက်ရုံကို ရည်ညွှန်းပြီး Greenpeace Russia အဖွဲ့က ထုတ်ပြန်ပါတယ်။

အရင်က ထိပ်တန်းလျှို့ဝှက်အဆောက်အအုံဖြစ်ခဲ့တဲ့ ဒီ စက်ရုံဟာ ၁၉၇၀ ခုနှစ်တွေအထိ  နျူကလီးယား ဓာတ်ပေါင်းဖိုအတွက် ရေဒီယိုသတ္တိကြွဒြပ်စင်တွေ ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

လမ်းဖောက်လုပ်ရေး စက်ယန္တရားပစ္စည်းတွေ ရောက်လာချိန်မှာတော့ မိုစကီဗာမြစ်ဆီ နိမ့်ဆင်းသွားတဲ့ အဆိုပါ တောင်စောင်းကို ရဲက ပိတ်ဆို့ထားတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

လမ်းဖောက်လုပ်သူတွေဟာ လိုအပ်တဲ့ ပါမစ်မရှိဘဲနဲ့ စက်ရုံပတ်လည်က ခြံစည်းရိုးတွေကို ဖယ်ရှားတာ၊ မြေတူးစက်တစ်စီးကနေ မြေတွင်းတွေ တူးတာနဲ့ အလုပ်သမားတွေက သစ်ပင်တွေကို ခုတ်လှဲတာတွေ စတင်လုပ်ဆောင်နေတယ်လို့ Greenpeace က ပြောပါတယ်။

အန္တရာယ်ရှိတဲ့ ရေဒီယိုသတ္တိကြွအမှုန်အမွှားတွေဟာ လေထဲမှာ ပြန့်နှံ့ပြီး လူတွေရဲ့ အဆုတ်ထဲ ရောက်ရှိရလိမ့်မယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

အစိုးရရဲ့ ထုတ်ပြန်ချက်တစ်ရပ်ကို ကိုးကားပြီး ဒီနေရာမှာ ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းပေါင်း တန်ချိန် ခြောက်သောင်း အနည်းဆုံး ရှိတယ်လို့ Greenpeace က ပြောခဲ့ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly