COVID-19 ကြောင့် မြဝတီနယ်စပ်ဂိတ်နှင့် BGF ထိန်းချုပ်ထားသည့် ကင်းစခန်းအားလုံး ပိတ်ထား

COVID-19 ကြောင့် မြဝတီနယ်စပ်ဂိတ်နှင့် BGF ထိန်းချုပ်ထားသည့် ကင်းစခန်းအားလုံး ပိတ်ထား
ပုံ - BGF တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေဝန်ထမ်းများ ပူးပေါင်းပြီး COVID-19 ကာကွယ်ရေး ဆောင်ရွက်နေစဉ် (ပုံ- Nay Naw)

မတ်လ ၁၉ရက်။        ။  COVID-19 ကာကွယ်သည့် အနေဖြင့် မြဝတီနယ်စပ်ဂိတ်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ် ထား သော ကင်းစခန်းအားလုံးကို မတ်လ ၁၉ ရက်မှ စတင်၍ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ထိုနယ်စပ်ဂိတ်နှင့် BGF စခန်းများသို့ Border Passရှိသော ထိုင်းနိုင်ငံသားများသာ သွားလာခွင့်ရှိမည်ဖြစ်ပြီး တခြားသော နိုင်ငံခြားသားများ သွား ရောက်ခွင့် မရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသို့ ဝင်ရောက်လိုသည့် နိုင်ငံခြားသားများ အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် တို့ကသာ တည်ဆဲ စည်းမျဉ်းစည်း ကမ်းများနှင့်အညီ ဝင် ရောက်ခွင့်၊ ထွက်ခွာခွင့် ပြုမည်ဖြစ်ကြောင်း မြဝတီမြို့နယ် မဲဆန္ဒနနယ် အမှတ်(၂) ကရင်ပြည်နယ် လွှတ်တော် ကိုယ်စား လှယ် ဦးသန့်ဇင်အောင်က မဇ္ဈိမသို့ ပြောသည်။

 “ ပိတ်လိုက်တာ ဟုတ်ပါတယ်၊ နယ်မြေခံက လူတွေကတော့ Boder Pass နဲ့တော့ သွားလို့ရတယ်။ ကျန်တဲ့ နိုင်ငံခြား သားတွေကတော့ ဗီဇာရှိတယ်၊ ပြည်ဝင်ခွင့်လည်း ရှိတယ်ဆိုတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အ ပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ မြန်မာနိုင်ငံထဲကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဝင်လို့ရမယ်။ ဒီနေ့ မတ်လ ၁၉ ရက်ကနေ စပိတ် လိုက်တာပါ။ ယာယီ ပိတ် ထားတာပါ။ နောက် ညွှန်ကြားချက် မထွက်မချင်း ပိတ်ထားမှာပါ”ဟု ၎င်းက ပြောသည်။

အဆိုပါ မြဝတီ နယ်စပ်ဂိတ် မပိတ်ခင် မတ်လ ၁၈ ရက်နေ့က မြဝတီနယ်စပ်ဂိတ်မှတဆင့် ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သား ၂၈၀၀ ဦး အပြင် တရုတ်နိုင်ငံသား နှင့် တခြားသော နိုင်ငံခြားသား ၁၀၀ ဦးဝန်းကျင် မြန်မာနိုင်ငံ ထဲသို့ ဝင် ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် မတ်လ ၁၉ ရက်တွင် ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID-19 ရောဂါ ပျံ့နှံ့မှု ထိန်းချုပ် ကာကွယ်နိုင်ရန်အတွက် မြဝတီနယ်စပ် အပါအဝင် BGF ထိန်းချုပ်ထားသော ကင်းစခန်းများကိုလည်း မတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီက စတင် ပြီး ပိတ်လိုက်ပြီး ဖြစ်ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)မှ ဗိုလ်မှူး နိုင်မောင်ဇော်က မဇ္ဈိမသို့ ပြောသည်။

BGF မှ ဗိုလ်မှူး နိုင်မောင်ဇော်က “ဟုတ်ပါတယ်၊ ဒီမနက် ၉ နာရီမှာ အစည်းအဝေး လုပ်ပြီးတော့ ပိတ်လိုက်တယ်။ ပိတ် လိုက်တဲ့ အပေါ်မှာ ဆက်လက် ဆောင်ရွက်တဲ့အပေါ်မှာ အောက်ခြေမှာ တကယ် အလုပ် လုပ်/မလုပ် တပ်မတော်က ရှေ့တန်းရုံးရယ်၊ မြဝတီက တပ်မှူးတွေရယ်၊ ကိုယ်တို့ အဖွဲ့တွေရယ် လိုက်စစ်နေပါတယ်။ အဓိကကတော့ COVID-19 ကာကွယ်တဲ့အနေနဲ့ ပိတ်တာပါ”ဟု မဇ္ဈိမသို့ ပြောသည်။

ကရင်ပြည်နယ်အတွင်းတွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)မှ ဖွင့်လှစ်ထားသော ကင်းစခန်း ၈ ခုရှိကြောင်း၊ ထိုကင်းစခန်းများမှာ မြဝတီမြို့ အမှတ်(၅) ရပ်ကွက်ရှိ ၉၉၉ ဂိတ်၊ ၈ ဂိတ်နှင့် ၁၈ ဂိတ်တို့ ပါဝင်ကြောင်း၊ ထို ၉၉၉ ဂိတ်၊ ၈ ဂိတ်နှင့် ၁၈ ဂိတ်တို့မှာ ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID-19 ကာကွယ်ရေး BGF တပ်ဖွဲ့ ဝင်များနှင့်ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းကာ ကျန်းမာရေး ဆောင်ရွက်မှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။
BGF အဖွဲ့ကို ဗိုလ်မှူးကြီး စောချစ်သူက ဦးဆောင်လျက်ရှိပြီး ၂၀၁၀ ခုနှစ်က ဒီမိုကရေစီအကျိုးပြုကရင်တပ်ဖွဲ့ (DKBA) ထံမှ ထွက်၍ တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူကာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) အဖြစ် ပြောင်းလဲ ခဲ့ကြသည်။

မြဝတီမြို့တွင် ထိုင်း-မြန်မာနယ်ခြား သောင်ရင်းမြစ်ကို ဖြတ်ထားသည့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား (၂) စင်းရှိ သလို တရားမဝင် လှေဂိတ်ပေါင်း ၂၀ ခန့်ရှိပြီး ထိုနေရာများ မှ တဆင့် နှစ်နိုင်ငံ ကုန်သွယ်မှုများ ပြုလုပ်လျက်ရှိသလို နှစ်နိုင်ငံ နိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားများ အဝင် အထွက် ရှိကြောင်း သိရသည်။

ထို့ပြင် မြဝတီမြို့၏ မြောက်ဘက် ရွှေက္ကိုင်ကျေးရွာတွင် တရုတ်စီမံကိန်း တစ်ခုဖြစ်သည့်  မြို့သစ်တစ်ခုကို တည်ဆောက် နေပြီး တရုတ်နိုင်ငံသား အများအပြား ရှိနေသည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID-19 ရောဂါ ကူးစက်ခံနေရသည့် နိုင်ငံပေါင်း ၁၀၀ ကျော်ရှိပြီး ထိုနိုင်ငံထဲမှ လူဦးရေ ၁၈၀၀၀၀ ကျော် ကူးစက်ခံထားရသလို သေဆုံးသူပေါင်း ၇၄၀၀ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required