တင်းကြပ်တဲ့ စောင့်ကြည့်ထိန်းချုပ်မှုတွေ လုပ်နေတဲ့ကြားက ရုရှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၃၀ ရာခိုင်နှုန်းနီးပါး မြင့်တက်

တင်းကြပ်တဲ့ စောင့်ကြည့်ထိန်းချုပ်မှုတွေ လုပ်နေတဲ့ကြားက ရုရှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၃၀ ရာခိုင်နှုန်းနီးပါး မြင့်တက်

မတ် ၁၉။        ။ ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ် (COVID-19) ကူးစက်မှုနဲ့ပတ်သက်လို့ အာဏာပိုင်တွေဘက်က တင်းကျပ်တဲ့ စောင်ကြည့်ထိန်းချုပ်မှုတွေ ပြုလုပ်နေတဲ့ကြားကပဲ ဗိုင်းရပ်စ်ကူးစက်မှုဟာ ညတွင်းချင်း ၂၉ ရာခိုင်နှုန်းနီးပါး တက်လာခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ဗိုင်းရပ်စ် ကူးစက်မှု တားဆီးနိုင်ဖို့အတွက် သွားလာလှုပ်ရှားမှုတွေအပေါ်မှာ တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေ ရုရှားအာဏာပိုင်တွေဘက်က ချမှတ်လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အခြေအနေတွေကို ထိန်းချုပ်ထားနိုင်တယ်ဆိုပြီး ရုရှားအစိုးရက ပြောကြားခဲ့ပေမယ့် မတ်လ ၁၈ ရက်မှာတော့ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းဟာ ၂၉ ရာခိုင်နှုန်း ခုန်တက်ပြီး ယခုအခါ ယင်းနိုင်ငံမှာ စုစုပေါင်း ကူးစက်ခံ ထားရသူ ၁၄၇ ဦးအထိ ရှိနေပြီလို့ သိရပါတယ်။

လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု မရှိသေးဘူးလို့ သိရပါတယ်။

ရုရှားအစိုးရကတော့ ကိုရိုနာဗိုင်းရပ်စ်ကို တားဆီးထိန်းချုပ်နိုင်ဖို့အတွက် နိုင်ငံတဝန်း လူစုလူဝေးပွဲတွေ ပိတ်ပင်တာ၊ စာသင်ကျောင်းတွေ ပိတ်တာ၊ နေအိမ်တွေကနေ အလုပ်လုပ်ဖို့ တိုက်တွန်းတာ စတဲ့ အစီအမံတွေ ချမှတ် လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ မော်စကို၊ စိန့်ပီတာစဘာ့ဂ်နဲ့ အခြားမြို့အနည်းငယ်မှာသာ ဒီလိုအစီအမံတွေ ချမှတ်ထားရသေးတယ်လို့ သိရပါတယ်။

ကမ္ဘာနိုင်ငံအများအပြားမှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခုလက်ရှိအချိန်အထိ ကမ္ဘာတဝန်း လူပေါင်း ၈,၈၀၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required