မုဆိုးမရွာ

By စောသန်းထိုက်ဦး
19 March 2020
မုဆိုးမရွာ
ကယားပြည်နယ် ဘောလခဲ ခရိုင် ဖားဆောင်းမြို့နယ် မော်ချီး ကျေးရွာအုပ်စု လိုခါးလိုကျေးရွာ ကဘ ( ၃၂ ) တွင်ရှိသော လုပ်ကွက် တစ်ခုမှာ အလုပ်သမား နှစ်ဦး ဂန်းဖောက်နေစဉ်

မတ်လ ၁၈ ရက်နေ့  ၂၀၂၀။        ။ မုဆိုးမရွာလို့ အခေါ်များကြတော့ နာမည်ရင်း အောင်သပြေဆိုတာတောင် ပျောက်မလိုဖြစ်လာတယ်။ လွိုင်ကော်မြို့ကနေ အထွက် ငွေတောင်ဆည်ဖက် လမ်းမကြီး အတိုင်း သွားရင်၊ စံပြ (၆) မိုင်ကျေးရွာ အုပ်စု အကျော်မှာ လမ်းရဲ့ ညာဖက်မှာရှိတဲ့ မြေသား လမ်းသွယ်လေးအတိုင်း ဝင်သွားလိုက်တာနဲ့ အောင်သပြေကို ရောက်ပါလိမ့်မယ်။

ဒီရွာဟာ ကယားပြည်နယ် ငွေတောင်ကျေးရွာအုပ်စု၊ ဒီးမော့ဆိုမြို့နယ်ထဲမှာ ရှိတာပါ။ လက်တလော ဒေသခံ အများစုကတော့ အနီးအနားမှာ နေ့စားအဖြစ် ပန်းရံ၊ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ သွားရောက် လုပ်ကိုင်ကြ ပါတယ်။

အဲဒီရွာမှာ အိမ်ခြေ ၉၀ ကျော်၊ အိမ်ထောင်စု ၁၀၀ လောက်ရှိပါတယ်။ သူတို့ဇာတိရင်းက အညာကပါ။ ၁၉၉၆ ခုနှစ်လောက်က မြန်မာနိုင်ငံအလယ်ပိုင်း ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့ကနေ ပြောင်းရွှေ့လာသူတွေပေါ့။

၂၀၁၃ ခုနှစ်လောက်က အိမ်ထောင်စုဝင် အမျိုးသား တစ်ဝက်နီးပါးဟာ ဝင်ငွေကောင်းတဲ့ ခဲမဖြူ အဖြိုက် နက် ထွက်တဲ့ မော်ချီးသတ္တုတွင်းမှာ နေ့စားအနေနဲ့ ဂန်းထိုး (လေဖိအားသုံး လက်ကိုင် လွန်တူးစက်နဲ့ ကျောက်သား နံရံကိုဖောက်ရတာ ) တဲ့ အလုပ်ကို သွားရောက် လုပ်ကိုင်ကြပါတယ်။
ကာလတာရှည်လုပ်တဲ့အခါ ကျောက်မှုန်တွေဝင်ပြီး အဆုတ်ရောဂါ ရကုန်ကြပါတယ်။

“မော်ချီးမှာ ခေတ်ကောင်းတယ်ဆိုပြီး သွားကြတာလေ၊ သွားကြရင်းနဲ့ ဒီလိုမျိုးဖြစ်သွားကြတာ” လို့ သားသမီး သုံးယောက်နဲ့အတူ ကျန်ခဲ့တဲ့ အသက် ၄၀ ကျော်အရွယ် မုဆိုးမ ဒေါ်မိလယ်က ပြောပါတယ်။

“စလုပ်ကတည်းက ဒီရွာက လူတွေ ဘယ်သူမှ မသိကြဘူး။ စီးပွားရေး အဆင်ပြေတယ် ဆိုပြီး လာခေါ် ကြတာ။ မော်ချီးမှာ ဂန်းထိုးရမယ်ပေါ့။  နေ့စားနဲ့ လာခေါ်ကြတာလေ၊ အဲဒီမှာ ယောကျာ်းသားတွေက လိုက်သွား ကြတာ။ စကတည်းကသိရင် ဘယ်သူမှ မလုပ်ကြပါဘူး” လို့ ဒေါ်မိလယ်က ဆက်ပြောပါ တယ်။

သူမရဲ့ အမျိုးသားဟာ မော်ချီး သတ္တုတွင်းမှာ ဂန်းထိုးတဲ့အလုပ်လုပ်ခဲ့ပြီး လွန်ခဲ့တဲ့ သုံး နှစ်လောက်က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

သတ္တုတွင်းမှာ ဂန်းဖောက်၊ ယမ်းဆင်၊ ဖောက်ခွဲရေး အလုပ်ကို ကျွမ်းကျင်တဲ့ အမျိုးသား တစ်ယောက်ဟာ လုပ်ငန်းပိုင်ရှင်တွေက နေ့စားအဖြစ် တစ်ရက်ကို အနည်းဆုံး မြန်မာကျပ်ငွေ တစ် သောင်း ပေးသလို၊ ပေနဲ့လုပ်မယ် ဆိုရင် တစ်ပေကို မြန်မာကျပ်ငွေ တစ်ထောင်နှုန်း ပုတ်ပြတ် ပေး လုပ်တာ ရှိပါတယ်။

ဒါပေမယ့် သူတို့ဂန်းဖောက်နေတဲ့ လုပ်ငန်းပိုင်ရှင်ရဲ့ (ခဲ)သတ္တု ကျင်းကောင်းဆိုရင် တစ်ရက်ကို အနည်းဆုံး မြန်မာ ကျပ်ငွေ ငါးသောင်းမှ တစ်သိန်းအထက် ရကြပါတယ်။

ရိုးရိုး သာမန် အလုပ်သမား တစ်ယောက်ကိုတော့ စရိတ် ငြိမ်း အနည်းဆုံး မြန်မာကျပ်ငွေ ခုနှစ်ထောင်၊  ရှစ် ထောင် ရကြပါတယ်။ သူတို့တွေကိုတော့ အလုပ်ရှင်က အထူးအခွင့်အရေး ( ဒေသ အခေါ်အဝေါ် အရ အကြံအဖန် ) တစ်ပတ်လုံးမှာ စနေနေ့ တစ်ရက်ကို ခွင့် ပြုပေး ထားပါတယ်။

အလုပ်သမားတွေအားလုံးကို ကျန်းမာရေးအတွက် အကာအကွယ်ဖြစ်စေမယ့် နှာခေါင်းစည်းတွေတတ် ဖို့ကို အလုပ်ရှင်က ဝယ်ပေးပါတယ်။ ဒါပေမယ့် အများစုကတော့ ဂန်း ထိုးတဲ့ အချိန်လောက်သာ တတ် ကြပါတယ်။

ဒီလိုငွေရတဲ့ အချက်ကိုတော့ ဒေါ်မိလယ်က သူမရဲ့ အမျိုးသားဟာ အရင် ဂန်းထိုးတဲ့ အလုပ် လုပ်ခဲ့တုန်း က တစ်လကို မြန်မာ ကျပ်ငွေ သုံးသိန်းလောက်ရတယ် ဆိုပေမယ့် ရောဂါဖြစ်လို့ ဆေးပြန်ကုသရတဲ့ ကုန်ကျစရိတ်နဲ့ မကာမိပဲ မိသားစုကိုပါ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ် လို့ဆိုပါတယ်။

“ယောကျာ်း မရှိ၊ ကိုယ်က မုဆိုးမဆိုတော့ လုံးပန်းနေရတယ် စားဖို့ပဲ လောက်တယ်လေ၊ ယောကျာ်း မရှိ တော့ ကိုယ်ကပဲ ရုန်းကန် ဦးစီး ဦးဆောင်လုပ်ရတယ်” လို့ ဒေါ်မိလယ်က ပြောပါတယ်။

လက်ရှိ အချိန်မှာ သူမရဲ့ သားသမီးတွေထဲက အငယ်ဆုံး သမီး တစ်ယောက်သာ ကျောင်းတက်ခွင့်ရပြီး ကျန်နှစ်ယောက်ကတော့ ကျောင်းတက်ခွင့် မရကြတော့ဘဲ နေ့စား အလုပ်လုပ်ပြီး မိဘအနားမှာ နေကြပါတယ်။

ဒါ့အပြင် အသက် ၂၈နှစ် အရွယ် မမာလာအောင်ရဲ့ ခင်ပွန်းဖြစ်သူဟာ အသက် ၃၂ နှစ် အရွယ်မှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက မော်ချီး သတ္တုတွင်းကနေ ရလာတဲ့ ရောဂါကြောင့် ရန်ကုန်မြို့မှာ ကွယ်လွန် သွားပါတယ်။

သူရဲ့ အမျိုးသားကို ဂန်းထိုးရတဲ့ အလုပ်ကို မလုပ်ဖို့ တားခဲ့သေးပေမယ့်လည်း ဝင်ငွေကောင်းနေတဲ့ အတွက် ဒီအလုပ်ကို လုပ်ဖြစ်သွားခဲ့တာလို့ဆိုပါတယ်။  

“အမတစ်ဝမ်းကွဲ ယောကျ်ား သုံးနှစ်တောင် ကြာတယ်။ အဲဒီရောဂါဖြစ်တာ မြင်နေတာပဲ၊ ဖြစ်တာ ပိန်လိမ် နေတာပဲ၊ တွေ့လား မလုပ်နဲ့ ပြောတာ သူမယုံဘူး ”လို့ မမာလာအောင်က ပြောပါတယ်။

လက်ရှိ အချိန်မှာတော့  အသက် ငါးနှစ်သားအရွယ် မိန်းကလေး တစ်ယောက်နဲ့ သုံးလသားအရွယ် သားလေး တစ်ယောက် ကျန်ခဲ့ပါတယ်။ အငယ်ဆုံး ကလေးက ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီး သုံးရက်မြောက်မှာ မွေးဖွားခဲ့ တာပါ။  

 “သူလွိုင်ကော်ဆေးရုံမှာ တက်တာ တီဘီရောဂါဆိုပြီး သပ်သပ် ခွဲထားတယ်။ ခွဲထားတဲ့အခါကျတော့ ရက် ၂၀ ကြာတယ်။ အဲဒါနဲ့ သူရန်ကုန်သွားမယ်တဲ့၊ ရန်ကုန်မှာ ၁၀ ရက်ပဲကြာတယ်။ ဖုန်းဆက် လာတယ်၊ မသက်သာဘူး တဲ့၊ ပြန်လာခေါ်တဲ့၊ အဲဒါနဲ့ ပြန်ခေါ်ဖို့  ဦးလေးတွေနဲ့ တိုင်ပင်နေတုန်း ဖုန်းက ထပ်ဝင်လာတယ် ဆုံးသွားပြီးတဲ့ ” လို့ ဆိုပါတယ်။

သေဆုံးသူ အများစုဟာ လူလတ်ပိုင်းတွေဖြစ်ပြီး အလုပ်သက်တမ်းအနေနဲ့  အများဆုံး သုံးနှစ် ဝန်းကျင်ပဲရှိတာကို မဇ္ဈိမက လေ့လာတွေ့ရှိခဲ့ရပါတယ်။

“ ပိုက်ဆံလည်း ပို့ကြတယ်။ အမျိုးသမီးတွေက စုဆောင်းပြီးတော့ သူတို့နေနိုင် စားနိုင်လောက်တဲ့ အဆင့်အထိတော့ ရောက်သွားတယ်။ တချို့လည်း သူ့ကို ပြန်ကုရတာ မကာမိဘူး။ နောက်ဆုံးကျတော့ ကလေး နှစ်ယောက်နဲ့ မိန်းမ ကျန်ခဲ့တာပဲ သူကတော့  သေတာပဲ ”လို့ အောင်သပြေကျေးရွာ ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက ပြောပါတယ်။

“ အခုလည်း ကျန်သေးတယ်၊ တစ်ယောက် နှစ်ယောက် အဲဒီလို ရောဂါ ဖြစ်နေတာ မုဆိုးမက တစ်ဝက် လောက်တော့ ရှိတယ် အဲဒီလို ဖြစ်သွားတာ” လို့ သူက ဆက်ပြောပါတယ်။

အခုလိုရောဂါကြောင့် သေဆုံးသူတွေဟာ မော်ချီး ကျေးရွာအုပ်စု လိုခါးလိုကျေးရွာနဲ့ အနီးအနား ကျေး ရွာတွေ အပါအဝင် အောင်သပြေကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ (၄) မိုင်ကျေးရွာ၊ ဟိုဖိတ်ကျေးရွာ တွေအထိ ရှိလာပြီလို့ သိရပါတယ်။

“တော်တော်ဖြစ်ကုန်ပြီ၊ အခု ဒီရွာထဲကလူတွေ မော်ချီးကို သိပ်မသွားကြတော့ဘူး။ ရှိလည်း မရှိတော့ ဘူး” လို့ ဦးကျော်ဆန်းဦးက ပြောပါတယ်။

သတ္တုတွင်းမှာ ခဲကျင်းလုပ်သားတွေ ဒီလိုရောဂါဖြစ်တာနဲ့ပတ်သက်ပြီး ကျန်းမာရေးအကာအကွယ်ပေး မှု အပေါ်မှာ အလုပ်ရှင်တွေက အဓိက အားနည်းနေသေးတယ်လို့  လွိုင်ကော်မြို့က အထွေထွေရောဂါ ကု ဒေါက်တာ ပြည့်ဖြိုးကျော်က ပြောပါတယ်။  

“မသိတဲ့အပေါ်မှာဘဲ သူတို့က ခိုင်းစရာရှိတာ ခိုင်းပြီး ပိုက်ဆံပေးသွားတဲ့ ပုံစံမျိုးလို့ပဲ ကျနော်က မြင် တယ်” လို့ ဆိုပါတယ်။

ဒေါက်တာက ဆက်ပြီးတော့ “ဂန်းထိုးတဲ့ လူတွေ မဝင်ခင်မှာ ပြောပြရမှာပေါ့နော်။ ဒီလို အလုပ်လုပ်မယ် ဆိုရင် ပိုက်ဆံလေးတွေ ပိုရမယ်။ ဒါပေမယ့် ကျန်းမာရေးကိုတော့ အနည်းနဲ့အများ ထိခိုက်နိုင်ပါတယ် ဆိုတဲ့ အချက် လေးတွေကိုလည်း သူတို့က ပြောပြဖို့ လိုမယ်။ တောသူတောင်သားတွေက နားမလည် တော့ ပိုက်ဆံရရင် လုပ်ကြတာပဲ”လို့  ပြောပါတယ်။

 “ကျနော့် ဆေးခန်းမှာ တွေ့တာတောင်မှ အသက် ၂၁ နှစ် အရွယ်လောက်နဲ့ ကုလို့မရတဲ့ နျူမိုကိုနီ ယိုးစစ် (Pneumoconiosis) ဟာလေးတွေ ခံစားနေရတာတွေကြုံတော့ စိတ်မကောင်းဘူး”လို့ ဒေါက် တာ ပြည့်ဖြိုးကျော်က ဆိုပါတယ်။

အလုပ်သမားတွေ လက်ရှိ ဖြစ်ပွားနေတဲ့ ရောဂါဟာ နျူမိုကိုနီယိုးစစ် ဟုခေါ်တဲ့ အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ တစ်မျိုးဖြစ်ပါတယ်။  ဒါပေမယ့် ဒီရောဂါကို ပျောက်အောင် ကုသနိုင်မယ့် ဆေးဝါး မပေါ် သေးပေမယ့် ရောဂါလက္ခဏာ လျော့နည်း သက်သာအောင်ပဲ ကုသမှုခံယူနိုင်တယ်လို့ ဆိုပါတယ်။

ရောဂါလက္ခဏာ အနေနဲ့ကတော့ ချောင်းဆိုးခြင်း၊ မောခြင်း၊ အသက်ရှူကျပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါပေ မယ့် သတ္တုအမှုန်ကို နှစ်ပေါင်းများစွာ ရှူရှိုက်မိနေသောသူ၊ နှာခေါင်းစည်း၊ လက်အိတ် အကာအကွယ် မပါဘဲ ထိတွေ့လုပ်ကိုင်နေသူတွေမှာ အဖြစ်များပါတယ်။

ဒေါက်တာ ပြည့်ဖြိုးကျော် ရှင်းပြတာက “အဲဒီလို ရောဂါဖြစ်ရင် ကုလို့ မပျောက်တော့ ဘူး။ အဆုတ်မှာ အမှုန်တွေ ကပ်တာပေါ့နော်။ ခဲမှုန်တွေကို ပြောတာ မဟုတ်ဘူး။ ဒီလုပ်ငန်းခွင်က ထွက်တဲ့ သတ္တုအမှုန် တွေပေါ့နော်။ ခဲတစ်ခုတည်း ဖြစ်နိုင်တာ မဟုတ်ဘူး။ အလုပ်တွေလုပ်တဲ့သူတွေ တော်တော်များများ သတ္တု မှုန်တွေက ဒီအဆုတ်ထဲမှာ သွားကပ်နေတာ။ ကပ်နေပြီးတော့ သူက အဆုတ်ကို ဖျက်ဆီး ပစ်လိုက်တာပေါ့နော်။

ဖျက်ဆီးပစ်လိုက်တော့ အဆုတ်က မကောင်းတော့ဘူး။ တီဘီကမှ ပိုးသတ်ဆေးသောက်ရင် ပြန်ကောင်းသေးတယ်။ ဒီရောဂါက ဖြစ်ပြီးရင် ပြန်မကောင်းတော့ဘူး။ တဖြည်းဖြည်း အဆုတ်က ပျက်စီးပြီးတော့မှ သေတာပဲ”လို့ ဆိုပါတယ်။

ဒီလိုရောဂါနဲ့ ပတ်သက်ပြီးတော့ အောင်သပြေကျေးရွာမှာ နေထိုင်ကြတဲ့ မုဆိုးမတွေ အများကြီးထဲက ဒေါ်မိလယ်ကတော့  “ဟင့်အင့် သားလည်း ရှိတယ်၊ သမက်လည်းရှိတယ်။ မော်ချီးကို မသွား ခိုင်းတော့ဘူး ရောဂါဖြစ်မှာ ကြောက်လို့” ဆိုပြီး ပြောပါတော့တယ်။   ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly