တရုတ်တွင် ပထမဆုံးအဖြစ် ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်အသစ် မတွေ့ရှိတော့ဟု ထုတ်ပြန်

တရုတ်တွင် ပထမဆုံးအဖြစ် ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်အသစ် မတွေ့ရှိတော့ဟု ထုတ်ပြန်

မတ် ၁၉။                  ။ တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မှုဖြစ်စဉ်အသစ် မတွေ့ရှိတော့ဟု တာဝန်ရှိသူများက မတ်လ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။

ယခုကဲ့သို့ ပြည်တွင်း၌ ဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်အသစ် ကင်းမဲ့သွားမှုက ကိုရိုနာဗိုင်းရပ်စ်အရေး တိုက်ဖျက်နေသည့် တရုတ်အာဏာပိုင်များ၏ ကြိုးပမ်းအားထုတ်မှုများအတွက် အဓိကကျသော မှတ်တိုင်တစ်ခု ဖြစ်လာစေခဲ့သည်။

သို့သော် ပြည်ပကနေ တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက်နေသော ဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်များမှာမူ မြင့်တက်နေလျက် ရှိပြီး ယင်းက လက်ရှိရရှိနေသော တိုးတက်မှုများအပေါ် ခြိမ်းခြောက်နေကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ထိန်းချုပ်နိုင်ရေးအလို့ငှာ ကမ္ဘာတဝန်း နိုင်ငံအများအပြားအနေဖြင့် ပြင်းထန်သည့် အားထုတ်ကြိုးပမ်းမှုများ လုပ်ဆောင်နေရချိန် ယခုကဲ့သို့ တရုတ်တွင် ကူးစက်မှုအသစ် ကင်းစင်မှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

တရုတ်တွင် ယခုကဲ့သို့ ပြည်တွင်း ကူးစက်မှုအသစ် မတွေ့ရှိတော့ဟု ထုတ်ပြန်လိုက်ချိန် တရုတ်ပြင်ပတွင်မူ လူအများအပြား ဆက်လက်ကူးစက်ခံနေရပြီး သေဆုံးမှုများလည်း ဆက်ရှိနေသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက ဗိုင်းရပ်စ် ပထမဆုံး စတင် ပေါ်ပေါက်ခဲ့သည့် တရုတ်အလယ်ပိုင်း ဝူဟန်တွင်လည်း ယခုအခါ ဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်အသစ် မတွေ့ရှိတော့ကြောင်း၊ ယင်းသည် အာဏာပိုင်များဘက်က ဇန်နဝါရီ တွင် ဗိုင်းရပ်စ်နှင့်ပတ်သက်သည့် ကိန်းဂဏန်းများ စတင်ထုတ်ပြန်ပြီးနောက်ပိုင်း ပထမဆုံးဖြစ်ကြောင်း တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်သည်။

လက်ရှိအချိန်အထိ တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃,၂၄၅ ဦး ရှိကြောင်း ယင်းကော်မရှင်က ထုတ်ပြန်ထားသည်။

ထို့ပြင် နိုင်ငံတွင် ဗိုင်းရပ်စ် ကူးစက်ခံထားရသူဦးရေ ၈၁,၀၀၀ နီးပါး ရှိနေသော်လည်း ၎င်းတို့အနက် ၇,၂၆၃ ဦးသာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေထိုင်မကောင်းဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly