YBS စီးခြင်းကြောင့် ကူးစက်နိုင်သော ရောဂါများကို ဘယ်လိုကာကွယ်ကြမလဲ

YBS စီးခြင်းကြောင့် ကူးစက်နိုင်သော ရောဂါများကို ဘယ်လိုကာကွယ်ကြမလဲ

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မြို့ပြတွေမှာ နိစ္စဓူဝ စီးနင်းနေကြတဲ့ YBS လိုမျိုး အဲကွန်းဘတ်စ်တွေဟာ လူတွေအတွက် အလွန်အထောက်အကူပြုပါတယ်။ ဒါပေမယ့် YBS အဲကွန်းဘတ်စ်တွေပေါ်က များပြားလှတဲ့ ခရီးသည် တွေမှာကူးစက်နိုင်တဲ့ ရောဂါပိုးတွေရှိနေနိုင်ပါတယ်။ ယနေ့လိုမျိုး အခြေအနေမှာပိုဆိုးပါတယ်။ ဝူဟန်ဗိုင်းရပ်စ်လိုကပ်ရောဂါကြီးတွေဟာလည်း YBS လိုလူများတဲ့ အဲကွန်းကားတွေပေါ်ကနေကူးစက် နိုင်ဖို့ ရာခိုင်နှုန်းများပါတယ်။ ရာသီတုပ်ကွေး၊ တီဘီရောဂါနဲ့ဦးနှောက်ရောင် ရောဂါလိုမျိုး အသက် ရှူလမ်းကြောင်းက တစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတွေလည်း ဖြစ်ပွားနိုင်ပါသေးတယ်။ ဒါကြောင့် YBS စီးရင်ကူးစက်လာမယ့် ရောဂါတွေကို ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ
(၁)  လက်အိတ်ဝတ်ပါ

အချိန်နဲ့အမျှအဲကွန်းဖွင့်ထားတဲ့ YBS လိုဘတ်စ်ကားမျိုးပေါ်မှာ လက်အိတ်ဝတ်ခြင်းဟာ အဆင် ပြေနိုင်မယ့်အကြံတစ်ခုပါ။ ရာသီဉတုပူရင်ဖြစ်စေ၊ အေးရင်ဖြစ်စေ အဆင်ပြေနေမှာပါ။ အခုလို ဆောင်းရာသီမျိုး မှာဆိုပိုလို့ တောင်ကောင်းပါသေးတယ်။ ခုံရဲ့တိုင်တွေ၊ ခုံရဲ့လက်တန်းတွေနဲ့ လက်ဆွဲ တန်းတွေမှာရှိတဲ့ ရောဂါပိုးမွှားတွေဟာ သင့်အရေပြားကို တိုက်ရိုက်မထိတွေ့နိုင်တော့ပါဘူး။ ဒါပေမယ့် အဲ့ဒီလက်အိတ်နဲ့တော့ သင့်မျက်နှာကို မထိမိစေနဲ့နော်။ ကားပေါ်ကဆင်းတဲ့ အခါမှာလည်း လက်အိတ်ကို မဖြစ်မနေချွတ်လိုက်ပါ။ ချွတ်တဲ့အခါမှာလက်ကောက်ဝတ်နေရာကနေ လှန်ချွတ်ပေးပါ။ ဒါမှသာရောဂါပိုးတွေကပ်နေတဲ့အပြင်ဘက်အပိုင်းဟာ သင့်အရေပြားနဲ့ မထိတော့မှာပါ။
(၂) လက်ဆေးပါ

လက်အိတ်မဝတ်ချင်ဘူးလား။ မပူပါနဲ့၊ လက်ကိုစင်ကြယ်စွာပြန်လည်ဆေးကြောပေးပါ။ အထူးသဖြင့် အစာမစားခင်အချိန်တွေမှာပေါ့။ မဆေးရသေးတဲ့လက်နဲ့တော့ သင့်မျက်နှာကို မကိုင်တွယ်မိပါစေနဲ့။
(၃)  လက်သန့်စင်ဆေးရည်ဆောင်တတ်တဲ့အကျင့်လုပ်ပါ

လက်ဆေးတဲ့နေရာမှာ ဆပ်ပြာနဲ့ရေကိုအသုံးပြုပြီး ဆေးတာအကောင်းဆုံးပါ။ ဒါပေမယ့် ဆပ်ပြာနဲ့ရေကို သင့်အိတ်ထဲမှာထည့်ပြီး နေရာတကာ ဆောင်သွားဖို့ သိပ်မဖြစ်နိုင်လှပါဘူး။ ဒါကြောင့် လက်သန့်စင်ဆေးရည်ကို ဆောင်ထားသင့်ပါတယ်။ လွယ်အိတ်မှာ သို့မဟုတ် လက်ကိုင် ပိုက်ဆံအိတ်တွေမှာ Key Chain    အနေနဲ့ချိတ်ဆွဲထားလို့ရပါတယ်။ ကားပေါ်ကဆင်းတာနဲ့ လက်ကို သန့်စင်ဆေးရည် Hand gel ကို အသုံးပြုပြီးလက် ကိုသန့်စင်ပါ။
(၄) Tissue ဆောင်ထားပါ

ချောင်းဆိုးနေသူတစ်‌‌ ယောက်ကို  ဘတ်စ်ကားပေါ်မှာ သင်တွေ့ပြီဆိုတာနဲ့ တစ်ရှူးကမ်းပေး လိုက်ပါ။ ဒါဆိုရင်တော့ သူချောင်းဆိုးရင်ထွက်လာမယ့် ပိုးမွှားတွေဟာ သူများတွေကို ကူးစက်နိုင်မှာ မဟုတ်‌တော့ပါဘူး။ မလွှဲမရှောင်သာလို့ နှာစေးနေသူရဲ့ဘေးနားက ခုံမှာထိုင်ရမယ်ဆိုရင်တော့ သူနှာစေး နေချိန်မှာ သင့်နှာခေါင်းနဲ့ပါးစပ်ကို တစ်ရှူးနဲ့ပိတ်ထားပြီး သင့်မျက်လုံးကို ခေတ္တမှိတ်ထားလိုက်ပါ။  Tissue ဆောင်ထားရုံနဲ့ အသက်ရှူ လမ်းကြောင်းပိုးဝင်မှုကို တစိတ်တပိုင်းနဲ့ဟန့်တားနိုင်မှာပါ။
(၅) ဖုန်းမသုံးပါနဲ့

ဘတ်စ်ကားစီးရင်ဖုန်းသုံးတတ်တဲ့အကျင့်ဟာ လူတော်တော်များများမှာ ရှိနေတတ်ပါတယ်။  မက်ဆေ့ဖတ်ရင်ဖြစ်စေ၊ ဖေ့ဘွတ်သုံးရင်ဖြစ်စေ၊ ဂိမ်းဆော့ရင်ဖြစ်စေ သင်ပွတ်လိုက်တဲ့ဖုန်းရဲ့ မျက်နှာပြင်မှာ ပိုးမွှားတွေတွယ် ကပ်နေမှာပါ။ ဒီလိုအချိန်မှာ  ဖုန်းလာရင်တော့ သင်နားနဲ့ကပ် နားထောင်လိုက်မယ့် ဖုန်းရဲ့ မျက်နှာပြင်က ပိုးမွှားတွေဟာ သင့်နားရွက်၊ မျက်နှာတွေကတစ်ဆင့် သင့်ခန္ဓာကိုယ်ထဲကို ရောက်လာမှာပါ ။ ဒါကြောင့် ဘတ်စ်ကား ပေါ်မှာ အတတ်နိုင်ဆုံး ဖုန်းမသုံးပါနဲ့။
(၆) အိမ်ရောက်တာနဲ့ အဝတ်အစားလဲပါ။

သင်ဘတ်စ်ကားစီးသည်ဖြစ်စေ၊ မစီးသည်ဖြစ်စေ၊ အပြင်ထွက်တယ်ဆိုရင် လမ်းပေါ်ကရောဂါ ပိုးမွှားတွေဟာ  သင့်အင်္ကျီအဝတ်အစားပေါ်မှာ ကပ်ငြိနေမှာပါ။ ဒါကြောင့် အဝတ်အစားမလဲဘဲ ဟင်း ချက်တာမျိုး၊ အိမ်ရာ ပေါ်လှဲလိုက်တာမျိုး ၊ မိသားစုနဲ့ ညနေစာစားတာမျိုးကို မလုပ်ပါနဲ့။
(၇) သင်ကိုယ်တိုင် ရောဂါပိုး ဖြန့်ဖြူးသူမဖြစ်ပါစေနဲ့။

သင်ဖျားနာနေရင်တော့ အလုပ်မသွားဘဲအိမ်မှာပဲနေပါ။ အထူးသဖြင့် သင်ရောဂါတွေဖြစ်ပွား နေတဲ့အချိန်မှာပေါ့။ သင်အပါအဝင်ဘယ်သူကမှ နှာစေးချောင်းဆိုးဖျား နေသူတစ်ယောက်နဲ့ ဘတ်စ်ကား အတူတူစီးချင်နေ မှာမဟုတ်ပါဘူး ။ဒါကြောင့် ဖျားနာနေရင်း အိမ်မှာပဲနားနားနေနေနေ လိုက်တာဟာ အကောင်းဆုံးဖြစ်မှာပါ။
(၈) လူမှုဆက်ဆံရေး ခေါင်းပါးသင့်ရင်ခေါင်းပါးပါ

ချောင်းဆိုးနေသူခရီးသွားတစ်ယောက်နဲ့ ဝေးဝေးမှာနေပါ။ ကျောခိုင်းလိုက်ပါ။ ဘတ်စ်ကားစီး ရင်စာအုပ်ဖတ်နေတာမျိုးဟာ ခရီးသွားအချင်းချင်းစကားပြောဖို့အတွက် အခွင့်အလမ်းနည်းစေပါတယ်။ ဒီလိုအပြုအမှုမျိုးဟာ ရိုင်းစိုင်းပေမယ့် အတတ်နိုင်ဆုံး တစ်ခြားသူတွေနဲ့ စကားပြောခြင်းက နေရှောင် ပေးပါ။ တစ်စုံတစ်ယောက်က သင့်မျက်နှာမူပြီးစကားပြောလိုက်တဲ့အခါ သူ့ရဲ့ဝင်သက် ထွက်သက် လေတွေနဲ့ အခန့်မသင့်ရင်တောင် သူတံ တွေးတွေတောင် သင့်မျက်နှာကိုထိတွေ့စေမှာဖြစ်လို့ပါ။
(၉)  အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးပျက်ခြင်းဟာဖျားနာမှုကို ပိုပြီးဖြစ်စေပါတယ်။ တကယ်လို့ အိပ်ရေးပျက်ပြီဆိုရင်တော့  ရောဂါပိုးတွေက သင့်ဆီပိုပြီးကူးစက်နိုင်သလို ဖျားနာတာကနေလည်းတော်တော်နဲ့ ပြန်ကောင်းတော့ မှာမဟုတ်ပါ။  အထူး သဖြင့် တုပ်ကွေးရာသီရောက်တဲ့အခါ အိပ်ရေးမပျက်အောင် ဆင်ခြင်နေထိုင်သင့် ပါတယ်။
(၁၀)  ကိုယ်ခံအားကောင်းအောင်နေထိုင်ပါ

ကျန်းမာစေတဲ့ အစားအသောက်တွေများများစားပေးပါ။ ရောဂါပိုးတွေဟာ ကိုယ်ခံအောင် ကောင်းနေရင် တော်တော်နဲ့မဝင်ပါဘူး။ ဒါပေမယ့် သကြားကိုတော့အတတ်နိုင်ဆုံးရှေိာင်ပေးပါ။ သကြားစားခြင်းဟာ သင့်ရဲ့ ကိုယ်ခံအားစနစ်ကိုကျဆင်း စေပါတယ်။ အားဖြည့်အချိုရည်တွေမှာပါတယ်။  ပိုလျှံတတ်သကြားဓာတ်တွေဟာ သင့်ကျန်းမာရေးကို အဓိက ထိခိုက်စေနိုင်တဲ့အရာတွေပါ။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေ ဗီတာမင်စီပါဝင်တဲ့ အစားအစာတွေကို များများစားခြင်းဖြင့် သင့်ကိုကူးစက် လာမယ့် ရောဂါပိုးမွှားတွေကိုကာကွယ်လိုက်ပါ။

YBS အဲကွန်းဘတ်စ်ကားတွေကို မဖြစ်မနေ အမှီသဟဲပြုသွားလာနေရတဲ့ သူတွေဟာ အပေါ်က အချက်လေးတွေကို လိုက်နာပေးခြင်းဖြင့် ကူးစက်ရောဂါတွေကို ကာကွယ်လိုက်ပါတော့နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly