Covid-19 ဗိုင်းရပ်စ်ဟာ မန်ယူအသင်းရဲ့ ငွေကြေးတွေကို ဘယ်လောက်ထိခိုက်စေသလဲ

Covid-19 ဗိုင်းရပ်စ်ဟာ မန်ယူအသင်းရဲ့ ငွေကြေးတွေကို ဘယ်လောက်ထိခိုက်စေသလဲ

ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ Covid-19 ဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံးက စီးပွားရေးလုပ်ငန်းတွေ အထိနာနေကြသလိုပဲ မန်ယူအသင်းလည်း အထိနာနေခဲ့ပါပြီ။ မန်ယူအသင်းရဲ့ ရှယ်ယာတန်ဖိုးဟာ ရှယ်ယာတစ်စုကို (၁၆.၅၃)ပေါင်ရှိနေရာကနေ (၉.၉၂)ပေါင်အထိ ထိုးကျသွားခဲ့တာပါ။

Covid-19 ဗိုင်းရပ်စ်မပေါ်လာမီက မန်ယူအသင်းရဲ့ တန်ကြေးဟာ ပေါင်(၃)ဘီလီယံအထိ ရှိခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ မန်ယူအသင်းရဲ့ ရှယ်ယာစျေး ထိုးကျသွားခဲ့လို့ တန်ကြေးက ပေါင်(၂)ဘီလီယံ သာ ရှိတော့တာပါ။

မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုအတွက်တော့ Covid-19 ဟာ မကောင်းဆိုးဝါး လို့ ပြောရမှာဖြစ်ပြီး တခြားအသင်းတွေထဲမှာ မန်ယူအသင်းရဲ့ရှယ်ယာစျေးနှုန်း ကျဆင်းမှုက အဆိုးဆုံးဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

မန်ယူအသင်းရဲ့တန်ကြေးဟာ (၂)ဘီလီယံပဲ ရှိတော့တယ်ဆိုပေမယ့်လည်း ပေါင်သန်း(၇၉၀)နဲ့ ဝယ်ယူထားတဲ့ ဂလေဇာမိသားစုအတွက်တော့ အမြတ်အစွန်းတွေ ရှိနေဆဲပါပဲ။

ဒါပေမယ့် အမေရိကန်သူဌေးမိသားစုဟာ မန်ယူအသင်းရဲ့ပရိသတ်တွေကြားမှာတော့ နာမည်ဆိုးနဲ့ ကျော်ကြားသူတွေအဖြစ်သာ ရှိနေကြဆဲဖြစ်ပြီး ကစားသမားကောင်းတွေခေါ်ယူပေးဖို့ ပျက်ကွက်မှု၊ မန်ယူအသင်း ပုံရိပ်ကို မြှင့်တင်ဖို့ မကြိုးစားမှုတွေကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန် ရင်ဆိုင်နေကြရတာပါ။

ပြီးခဲ့တဲ့နှစ်တုန်းကတော့ မန်ယူအသင်းကို ဆော်ဒီအိမ်ရှေ့မင်းသားက ဝယ်ယူဖို့ ကြိုးစားခဲ့ပြီး မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုက ပေါင်(၃)ဘီလီယံအထိ လိုချင်နေခဲ့တာကြောင့် အရောင်းအဝယ် ဖြစ်လာခြင်းမရှိခဲ့ပါဘူး။

မန်ယူအသင်းအနေနဲ့ Covid-19 ကြောင့် ပွဲတွေ မရပ်တန့်ရခင်မှာ (၁၁)ပွဲဆက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့တာကြောင့် အသင်းရဲ့ ရပ်တည်မှုရော၊ ပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုပါ မြင့်တက်လာချိန်မှာ ဒီလို ဗိုင်းရပ်စ်အန္တရာယ်ဖြစ်ပေါ်လာတာကြောင့် အရှိန်ကောင်းနေတုန်း ရပ်တန့်ခံလိုက်ရသလို ဖြစ်သွားခဲ့တာပါ။

ဟယ်ရီမက်ဂွိုင်းယား ကို ခေါ်ယူနိုင်မှု၊ ဘရူနိုဖာနန်ဒက်စ်ကိုခေါ်ယူနိုင်မှုတွေက မန်ယူအသင်းကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိသွားစေတယ်လို့ ဘောလုံးပွဲ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပြီး မန်ယူအသင်းတာဝန်ရှိသူတွေဟာ လက်ရှိအချိန်မှာ ရှယ်ယာစျေးတွေ ဒီ့ထက်ပိုပြီး ကျဆင်းမသွားစေဖို့ ကြိုးစားနေကြရတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly