အမေရိကန်သတင်းဌာနသုံးခုမှ သတင်းထောက်များအားနှင်ထုတ်မည်ဟု တရုတ်ကြေညာ

အမေရိကန်သတင်းဌာနသုံးခုမှ သတင်းထောက်များအားနှင်ထုတ်မည်ဟု တရုတ်ကြေညာ

မတ် ၁၈။               ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အမေရိကန်နာမည်ကြီးသတင်းဌာနများဖြစ်သည့် New York Times, The Washington Post နှင့် The Wall Street Journal တို့မှ သတင်းထောက်များကို နိုင်ငံတွင်းမှ နှင်ထုတ်မည်ဖြစ်ကြောင်း မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

အမေရိကန်ရှိ အစိုးရပိုင်မီဒီယာများ၌လုပ်ကိုင်နေသော တရုတ်နိုင်ငံသားများကို လျှော့ချသွားမည်ဟု ဝါရှင်တန်ကဆုံးဖြတ်လိုက်ပြီးနောက်   ယခုကဲ့သို့ ထုတ်ပြန်ချက်ပေါ်ထွက်လာခြင်းဖြစ်သည်။

ထိုထုတ်ပြန်ချက်သည် သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် ဖိနှိပ်မှုကို မြှင့်တင်လုပ်ဆောင်လိုက်ခြင်းဖြစ်ပြီး ကွန်မြူနစ်အစိုးရ၏ နိုင်ငံခြားသတင်းဌာနများအပေါ် အကြီးမားဆုံးဖိနှိပ်ချုပ်ခြယ်မှုများအနက် တစ်ခုဖြစ်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က Covid-19 ကို တရုတ်ဗိုင်းရပ်စ် ဟုခေါ်ဝေါ်သုံးစွဲခဲ့ခြင်းနှင့်အတူ အင်အားကြီးနှစ်နိုင်ငံအကြား ကိုရိုနာကပ်ရောဂါအရေးနှင့်ပတ်သက်ပြီး အပြန်အလှန် ပြစ်တင်ရှုတ်ချနေခဲ့ကြသည်။

သတင်းဌာနသုံးခုမှ သတင်းထောက်များ၏ ကိုယ်ရေးအချက်အလက်များကို ၁၀ ရက်အတွင်း ပေးရန်နှင့် တစ်စိတ်တစ်ပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်နဲ့ မကာအိုတို့၌လည်း သတင်းရယူနိုင်တော့မှာ မဟုတ်ကြောင်း ကြေညာချက်၌ ပါရှိသည်။

တရုတ်နိုင်ငံခြားသတင်းထောက်များအဖွဲ့အစည်း (FCCC)  ၏အဆိုအရ လက်ရှိ တရုတ်နိုင်ငံ၌ အလုပ်လုပ်နေသည့် အမေရိကန်သတင်းထောက် အနည်းဆုံး ၁၃ ဦး ကို နှင်ထုတ်မှာဖြစ်ကြောင်း သိရသည်။

အမေရိကန်ရှိ တရုတ်မီဒီယာအဖွဲ့အစည်းများကို အမေရိကန်တို့က စည်းကမ်းချက်များချမှတ်ကာ ဖိနှိပ်နေခြင်းကို  တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ပြီးခဲ့သည့် လကလည်း Wall Street Journal မှ သတင်းထောက်သုံးယောက်ကို လူမျိုးရေးခွဲခြားသည့်သတင်းများ ရေးသားသည်ဟု စွပ်စွဲကာ နှင်ထုတ်ခဲ့သေးသည်။

အင်အားကြီးနှစ်နိုင်ငံအကြား သတင်းထောက်များကို သံတမန်ရေးရာနယ်ရုပ်အဖြစ် အသုံးချနေမှုအပေါ် မည်သည့်ဘက်ကမှ အနိုင်မရကြောင်း တရုတ်နိုင်ငံခြားသတင်းထောက်များအဖွဲ့အစည်း (FCCC) က သတိပေး ပြောဆိုလိုက်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required